#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မေတ္တာဖြင့် ရင်ဆိုင်ခြင်း
မင်းဇင် | မတ် ၃၊ ၂၀၀၈

“အောင်ခြင်းရှစ်ပါး” အမည်ရ မြန်မာသီချင်းတွင် သဗ္ဗညုတဉာဏ်တော်ကို ရခဲ့သည့် မြတ်စွာဘုရားက မေတ္တာတရားဖြင့် ဒေါသနှင့် မကောင်းစိတ်ထားများကို အောင်မြင်ခဲ့ပုံကို ဖော်ပြထားပါသည်။ ဗုဒ္ဓ၀င်လာ စိတ်ရူးပေါက် အယူမှားနေသူ အင်္ဂုလိမာလဇာတ်လမ်းတွင်မူ ဗုဒ္ဓက သူ၏အယူမှား လမ်းလွဲနေမှုကို မေတ္တာစွမ်းဖြင့် ရပ်တန့်စေနိုင်ခဲ့ပါသည်။

အင်္ဂုလိမာလသည် ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားတဦးဖြစ်ပြီး သူသတ်ခဲ့သည့် လူတိုင်းထံမှ တချောင်းစီ စုဆောင်းထားခဲ့သည့် လက်ချောင်း တစ်ထောင်ပန်းကုံး ပြည့်စေရန် မိခင်ကိုပင် ရန်မူတော့မည့် အချိန်ဖြစ်သည်။ ဤသို့ အမိသတ်သား ဖြစ်ရတော့မည့် အချိန်၌ မြတ်စွာဘုရားက ကြားဝင်ခဲ့ခြင်း ဖြစ်သည်။ မိခင်ကိုသတ်သည့်သားဆိုလျှင် လူ အများအယူအရ ငရဲ၌ နှစ်ထောင်သောင်းချီ၍ အပြစ်ကျခံရပေတော့မည်။ ဤသို့ဖြင့် လူအများကို သတ်ခဲ့သည့် အင်္ဂုလိ မာလက ဒေါသအမျက် ချောင်းချောင်းထွက်ကာ ဗုဒ္ဓမြတ်စွာ နောက်သို့ လိုက်ခဲ့တော့သည်။

ဤသို့ အလျှင်ကုန် လိုက်သော်လည်း အင်္ဂုလိမာလက မြတ်စွာဘုရားကို မှီအောင် မလိုက်နိုင်ခဲ့။ သူက ရူးသွပ်သူတဦးလို အပြေးလိုက်ခဲ့သော်လည်း၊ တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်နေသည့် ဗုဒ္ဓကို လိုက်၍ မမီပါ။

ဤသို့ သူက လိုက်၍ မမီလေ ဖြစ်လာသည့်အခါ၊ ပင်ပန်းမောဟိုက်လာသည့် အင်္ဂုလိမာလက ဗုဒ္ဓကို ရပ်ရန် အော်ဟစ် ပြောဆိုတော့သည်။ သူ့ကို တိုက်ခိုက်ရန်ပြုလာမည့် အင်္ဂုလိမာလကို ဗုဒ္ဓက တည်ငြိမ်သည့် လေသံဖြင့် သူ ရပ်ဆိုင်းနေခဲ့ ကြောင်း၊ သူက သက်ရှိ သတ္တ၀ါများကို သတ်ဖြတ်မည့် အရေးကို ရပ်ဆိုင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောပါသည်။ အခုတော့ သူ၏ အလှည့်၊ အင်္ဂုလိမာလ အလှည့်သို့ ရောက်ရှိလာခဲ့ပြီဟု ဆိုသည်။ အင်္ဂုလိမာလ၏ ပြစ်မှုများကိုလည်း ဘုရားရှင်က ရပ်ဆိုင်း စေတော့မည် ဖြစ်သည်။

ဗုဒ္ဓ၏ ဤဟောကြားချက်များက အင်္ဂုလိမာလသို့ တိုက်ရိုက် ထိမှန်ခဲ့သည်။ သူက ဓါးကို အဝေးသို့ လွှင့်ပစ်လိုက်ပြီးနောက် ဗုဒ္ဓ၏ နောက်လိုက် သားတပည့်တဦး ဖြစ်လာခဲ့သည်။

ဤဗုဒ္ဓ၀င်လာ ပုံပြင်ကို မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အများစုက သိထားကြပြီး မေတ္တာဓါတ်၏ အစွမ်းအဖြစ် ဖော်ပြပြောဆို လေ့ရှိကြသည်။ ဗြဟ္မစိုရ်တရား လေးပါး၏ ပထမဆုံး တရားအဖြစ် စိတ်၏ မြင့်မြတ်စင်ကြယ်မှုကို ညွှန်းဆိုဖော်ပြသည့် မေတ္တာတရားကို ထားကြသည်။ ၎င်းမေတ္တာတရားသည် အင်အားအကောင်းဆုံး၊ အစွမ်းအထက်ဆုံး လက်နက်ဖြစ်ပြီး အခြားဗြဟ္မစိုရ်တရားများ ဖြစ်ကြသည့် ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာတရားများကိုလည်း ၎င်းက ထောက်ကူပြုသည်ဟု ဆိုသည်။

မေတ္တာတရား ဆိုသည်မှာ သဗ္ဗေသတ္တာ၊ ဝေနေယာ သက်ရှိသတ္တ၀ါ အားလုံးအတွက် ကျန်းမာ ချမ်းသာ ပျော်ရွှင်စေကြောင်း မျှော်လင့်၍ စိတ်ထက်ထက်သန်သန်ဖြင့် စိတ်ကောင်းမေတ္တာထားခြင်းပင် ဖြစ်သည်။ မေတ္တာတရား လွှမ်းခြုံရာတွင် လူအားလုံးကို မခွဲခြား လွှမ်းခြုံပြီး၊ မည်သည့် အခြေအနေကို မဆို ပြောင်းလဲနိုင်စွမ်းလည်း ရှိသည်။ ဤသည်မှာ မေတ္တာနှင့် ပတ်သက်၍ ဗုဒ္ဓက အရိုးရှင်းဆုံး ဖွင့်ဆို ဟောကြားချက်ပင် ဖြစ်သည်။

စက်တင်ဘာလ ဆန္ဒပြပွဲကာလက ပါဝင်လမ်းလျှောက်ဆန္ဒပြခဲ့ကြသည့် သံဃာတော်များက မေတ္တာဆိုသည်မှာ အပြုခံ သဘော၊ သည်းခံလိုက်လျောရုံမျှသဘောသာ မဟုတ်ကြောင်း ပြသခဲ့ကြပါသည်။ မေတ္တာဆိုသည်မှာ မကောင်းမှုလုပ်ရပ် ကို လက်မခံဘဲ၊ ဆန့်ကျင်ဘက်အင်အားစုက သုံးသည့် အင်အားအတိုင်း အတိအကျ တိုက်ရိုက်တုံ့ပြန်ရင်ဆိုင်တတ်သည့် သဘောကိုလည်း ဖော်ပြခဲ့ကြသည်။

သာမန်ပြည်သူအများ လူမှုဒုက္ခများ ကြုံတွေ့ကြရသည့် အချိန်၌ လူအများ လေးစားကိုးကွယ်ကြသည့် သံဃာများ၊ ရဟန်း တော်များက လူအများဒုက္ခကို ရှောင်ဖယ်၍ မနေနိုင်ကြပါ။ မြန်မာနိုင်ငံတွင် လမ်းမပေါ်တက် ဆန္ဒပြခဲ့ကြသည့် ရဟန်းတော် များက သူတို့သည် ငြိမ်းချမ်းမှုကို မြတ်နိုးသူ သက်သက်သာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို ကိုယ်တိုင်ကိုယ်ကျ တည် ဆောက်ယူမည့် သူများ ဖြစ်ကြောင်း ပြသခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံရှိ ပြည်သူလူထုများ ကောင်းကျိုးချမ်းသာအတွက် ဆုတောင်း၍ချည်း မနေကြပါ။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် လွှမ်းမိုးအုပ်ချုပ်မှုကြောင့်၊ လူတစုကသာ ချယ်လှယ်ခွင့် ရှိ နေသည့် နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပေါ်နေရသည့် လူမှုဒုက္ခများကိုလည်း လမ်းမပေါ်ထွက်၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါ သည်။

မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်မှသည် တောင်ဖျား မွန်ပြည်နယ်အထိ၊ အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှသည် အရှေ့ဖက်တွင် ကရင်ပြည်နယ်တိုင် ရှိနေကြသည့် သံဃာများက “မေတ္တာသုတ်”ကို ရွတ်ဆို၍ မြန်မာနိုင်ငံ အနှံ့အပြား လမ်းမများပေါ်တွင် အင်အားထောင်သောင်းနှင့်ချီ၍ လမ်းလျှောက် အင်အားပြခဲ့ကြပါသည်။ အရပ်သားပြည်သူအများ ပို၍ ပို၍ ပူးပေါင်းလာကြပြီး၊ ထိုသူတို့က ဗုဒ္ဓ၏ တရားကို ရွတ်ဆိုဟစ်ကြွေးခဲ့ကြပါသည်။ “ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံး စိတ်ဝမ်း ငြိမ်းချမ်းကြပါစေ” မေတ္တာပို့ ဆန္ဒပြသူများက ရွတ်ဆိုခဲ့ကြပါသည်။

တခါက ဒေါ်အောင်ဆန်းစုကြည်ကလည်း မေတ္တာတရား မရှိဘဲနှင့် အကြောက်တရားမှ မလွတ်မြောက်နိုင်ကြောင်း ဆန်းစစ် ဖော်ပြခဲ့ဖူးပါသည်။ “သင်ကိုယ်တိုင်နှင့် သင်၏ ပတ်ဝန်းကျင်ရှိ လူများတွင် မေတ္တာတရားသာ ကင်းမဲ့ ဆိတ်သုဉ်းနေပါ က မလုံခြုံ စိုးရွံ့မှုများ ခံစားနေရနိုင်ပါသည်။ ဤသို့ မလုံခြုံစိုးရွံ့မှုများကြောင့် အကြောက်တရားကို ဖြစ်စေသည်” ဟု ဖော်ပြ ရေးသားခဲ့ဖူးပါသည်။

ဤအကြောက်တရားကြောင့်ပင် မကြာခဏဆိုသလို အကြမ်းဖက်မှုများကိုလည်း ဖြစ်စေပါသည်။ စစ်အစိုးရက မေတ္တာ သုတ် ရွတ်ဆိုကြသည့် လှုပ်ရှားမှုကို သူတို့အာဏာကို ခြိမ်းခြောက်မှုတခုဟု မြင်ခဲ့ကြပြီး၊ အင်အားသုံး အကြမ်းဖက်တုံ့ပြန် ခဲ့ကြပါသည်။ ဆန္ဒပြသူများစွာကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီး၊ ရာပေါင်းများစွာကို ဖမ်းဆီး ထောင်သွင်း အကျဉ်းချခဲ့ကြပါ သည်။ ဤမေတ္တာလှုပ်ရှားမှုကို အဆုံးသတ်ချေမှုန်းနိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းဝင်းများထဲသို့ပင် စစ်ရေးအရ စီးနင်း သိမ်းပိုက်ခဲ့ကြပါသေးသည်။

သို့သော်လည်း ဤမေတ္တာလှုပ်ရှားမှု၏ ခေါင်းဆောင်များက မယိုင်မလဲ ကြံ့ကြံ့ခိုင် ရှိနေဆဲ ဖြစ်ပါသည်။ စက်တင်ဘာလ သံဃာနှင့် လူထုဆန္ဒပြပွဲများကို ဦးဆောင်လှုပ်ရှားခဲ့သည့် ရဟန်းတပါးဖြစ်သူ ဦးဂမ္ဘီရက ယခုစာရေးသူကို တကြိမ်က ပြောပြခဲ့ဖူးပါသည်။ သံဃာများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဓမ္မတရားတော်နှင့် အညီ ဖြစ်စေရန်၊ မည်သို့သော အန္တရာယ်ကြုံရစေ ဆက်လက်လှုပ်ရှား သွားကြမည်ဟု ဆိုပါသည်။ ထိုအချိန်မှစ၍ နောက်ပိုင်းတွင် ဦးဂမ္ဘီရသည်လည်း မြန်မာနိုင်ငံ၏ နာမည်ဆိုးသည့် အကျဉ်းစခန်းများတွင် အခြား မရေမတွက်နိုင်သည့် လူအများနှင့်အတူ အကျဉ်းကျခံခဲ့ရပါသည်။

မြန်မာနိုင်ငံရှိ ကျန်သံဃာတော်များက ဦးဂမ္ဘီရ ကတိထားခဲ့သည့်အတိုင်း ဆက်လက် လှုပ်ရှားကြမည် ဖြစ်သည်။ စစ်အစိုးရ က အကြမ်းဖက် ဖြိုခွဲချေမှုန်းချိန်မှစ၍ သူတို့၏ မေတ္တာလှုပ်ရှားမှု အရှိန်အဟုန် များစွာ ကျဆင်းလာခဲ့သော်လည်း သူတို့က မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကအတွင်းသို့ မေတ္တာထားသည့် သီလ ကျင့်ဝတ်များ ပြန်လည်သွတ်သွင်းပေးရန်မှာ သူတို့ တာဝန်ဖြစ်ကြောင်း ခံယူထားကြပါသည်။ အကယ်၍ ဤသို့ဆောင်ရွက် မအောင်မြင်နိုင်ခဲ့ပါက ဗုဒ္ဓဟောကြားခဲ့သည့် တရား ဓမ္မ၏ သစ္စာတရားကို သူတို့ သစ္စာဖောက်ရာ ကျမည်ဟု ဆိုကြပါသည်။

သေချာသည်မှာ ဤသို့ သံန္နိဌာန်ချမှတ်ဆောင်ရွက်နေရုံမျှဖြင့် အောင်ပွဲရနိုင်မည် မဟုတ်ပါ။ မေတ္တာအစွမ်းသက်သက်မျှ ဖြင့် စစ်လက်နက်အင်အားကို ယှဉ်ပြိုင် အံတုရေးမှာ မလွယ်ကူပါ။ ဉာဏ်ပညာအစွမ်းလည်း လိုအပ်ပါသေးသည်။

ဗုဒ္ဓ၏ အဆုံးအမတွင် မေတ္တာနှင့် ဉာဏ်ပညာ ယှဉ်တွဲသုံးရမည်ဟု သွန်သင်ထားပါသည်။ ဤအရည်အချင်း ၂ ရပ်လုံးမှာ အများအကျိုးအတွက် ဆုံးဖြတ်ပေးရမည့် ခေါင်းဆောင်ကောင်းများတွင် ရှိရမည့် အရည်အချင်းဖြစ်ပါသည်။ ဉာဏ်ပညာက မိမိတို့ မဖြစ်မနေ ကြိုးပမ်းရုန်းကန်ကြရမည့် အကြောင်းတရားကို ဖော်ပြလမ်းညွှန်ပေးနိုင်ပြီး၊ ဤရည်မှန်းချက် ရရှိအောင် ဆောင်ကျဉ်းပေးနိုင်မည့် နည်းလမ်းများကိုလည်း ကြံဆပေးနိုင်ပါသည်။ မေတ္တာတရားကတော့ ဤအမြင့်ဆုံး မျှော်မှန်းချက် ကို ရရှိအောင် ဆောင်ကျဉ်းပေးနိုင်မည့် စွမ်းအင်ကို မွေးဖွားစေပါသည်။

အချို့သော ကိစ္စများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပါးနပ်စွာ သုံးကြရမည့် နည်းလမ်းများကို ဗုဒ္ဓဘာသာဝင်များက “ဥပါယ်” ဟု ခေါ်ဆိုလေ့ ရှိကြပါသည်။ သို့သော်လည်း ဤအယူအဆမှာ မြန်မာနိုင်ငံတွင် လူများစု ကိုးကွယ်ကြသည့် ထေရ၀ါဒ ဗုဒ္ဓ ဘာသာထက်စာလျှင်၊ မဟာယနဗုဒ္ဓဘာသာဖက် ပိုကဲသည့် အယူအဆဖြစ်ပါသည်။ သို့သော်လည်း ၎င်းအယူအဆမှာ မြန်မာ့ ယဉ်ကျေးမှု၌ စွဲမြဲနေသည့် ဝေါဟာရတခု ဖြစ်နေခဲ့ပေပြီ။ ဤ “ဥပါယ်” ဟူသည့် မူအရ လူအများ ကြုံတွေ့နေကြရ သည့် ဘေးဒုက္ခများ သက်သာစေရန်၊ သူတို့ကို တရားဓမ္မသွန်သင် ဆုံးမနိုင်ရန်အတွက် မည်သည့်နည်းကို မဆို သုံးနိုင် သည်ဟု ယူဆထားကြပါသည်။

သို့သော်လည်း မေတ္တာဖြင့် အံတုရင်ဆိုင်ခြင်းမှာ အတင်းအကျပ်တိုက်တွန်းမှု သဘောထက်စာလျှင်၊ တိုက်တွန်းဖြောင်းဖြ ခြင်း သဘော ပိုမိုပါဝင်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံမှ မေတ္တာဖြင့် ရင်ဆိုင်မှုသည်လည်း ၎င်း “ဥပါယ်” သဘောကို သုံးရန် လိုအပ်လိမ့်မည် ဖြစ်သည်။ စစ်အာဏာရှင် အစိုးရထဲရှိ ခေတ်သစ် အင်္ဂုလိမာလကဲ့သို့သော သူများကို “သင် ရပ်ဖို့ အချိန် တန်ပေပြီ” ဟု ပြောဆိုရတော့မည့် အချိန် ဖြစ်ပါသည်။ သို့သော်လည်း ဥပါယ်လိုအပ်ပါသည်။ သို့မှသာ ထိုသူမိုက်များ နားဝင်ကြလိမ့်မည် ဖြစ်ပါတော့သည်။ [Top]

မင်းဇင်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် မြန်မာသတင်းထောက်တဦး ဖြစ်ပါသည်။ ၎င်းရေးသားသည့် Compassionate Confrontation ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.