အမှန်တရားကို ရှာဖွေ၍ ပြည်သူလူထုကို သတင်းပေးခြင်း
အောင်ဇော် | ဇန်န၀ါရီ ၃၁၊ ၂၀၀၈
မြန်မာပြည်သူများကသာ အပြောင်းအလဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုပါလျင် မြန်မာနိုင်ငံ ပြည်ပမှ သတင်းမီဒီယာများ ကလည်း အပြောင်းအလဲအတွက် မိမိတို့ကိုယ်တိုင် အဆင်သင့်ဖြစ်ပါ၏လောဟု မေးခွန်းထုတ် စောကြောကြရတော့မည် ဖြစ်ပါသည်။ အများစုက “ဖြစ်ပြီ” ဟု ဖြေဆိုကြလိမ့်မည်ဟုလည်း မိမိယုံကြည်မိပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့် အမျိုးမျိုးသော သတင်းမီဒီယာများ သည် စစ်အစိုးရ၏ တင်းကျပ်ဖိနှိပ်လွန်းသည့် သတင်းဆိုင်ရာ ဥပဒေများ၊ ဆင်ဆာဖြတ်တောက် တည်းဖြတ်မှုများနှင့် ခြိမ်းခြောက်မှု အမျိုးမျိုးကို တွေ့ကြုံရင်ဆိုင်ခဲ့ကြရသည်။
မိမိတို့ သိထားခဲ့သည့်အတိုင်း ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ ပြည့်နှစ် ကာလများတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာ ရှနိုင်ငံများအတွင်း သတင်းလွတ်လပ်ခွင့်ကို ခံစားကျင့်သုံးနိုင်ခဲ့ကြပြီး အပွင့်လင်းဆုံးဟု ဆိုနိုင်သည့် သတင်းမီဒီယာဌာန များလည်း ရှင်သန်ဖွံ့ဖြိုးခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက နိုင်ငံသားများကို ၎င်းတို့၏ အမြင်များ၊ ယုံကြည်ချက်များ ပွင့်လင်းလွတ်လပ်စွာ ဖော်ပြပိုင်ခွင့် အခိုင်အမာ အာမခံပေးခဲ့သည်။ သို့သော် လည်း ကံမကောင်း အကြောင်းမလှသည့်အချက်မှာ ဤသတင်းလွတ်လပ်ခွင့် ကာလသည် တိုတောင်းစွာသာ တည်ရှိရှင်သန်နိုင် ခဲ့ပါသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း သတင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆိတ်သုဉ်းသွား ခဲ့ရပြီး ဦးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရက လွတ်လပ်သောသတင်းခေတ်ကို ပြည်ဖုံးကားချ ရုပ်သိမ်းစေခဲ့သည်။
သတင်းစာများကို ပြည်သူပိုင်သိမ်းပိုက်ခဲ့ပြီး၊ နိုင်ငံရပ်ခြား သတင်းအေဂျင်စီများကိုလည်း နှင်ထုတ်ခဲ့သည်။ သတင်း ထောက်များနှင့် အယ်ဒီတာစာတည်းများကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်များတွင် လူအများသို့ တင်ပြပြောဆိုချက်များနှင့် ပုံနှိပ်ထုတ်ဝေမှုအားလုံး နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် စာပေစိစစ်ရေး ဘုတ်အဖွဲ့ကို ဖြတ်သန်း စိစစ်ခံပြီးမှ ထုတ်ဝေခွင့်ရကြပါတော့သည်။
ထိုကာလက ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လွတ်လပ်စွာဖော်ပြပြောဆိုခွင့်ကို အာမခံထား ပေးပါ သေးသည်။ သို့သော်လည်း ဤလွတ်လပ်မှုဆိုသည်မှာ အခြားကိစ္စများကဲ့သို့ပင်၊ တရားသေ “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်”၏ တင်းကျပ်လှသည့်၊ မတည်ငြိမ် ကိုးစားယုံကြည်မရသည့် အခြေအနေအောက်တွင် ဆိတ်သုဉ်းခဲ့ရပါသည်။
၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သူများက လမ်းမများပေါ်ထွက်လာကြပြီး ဦးနေ၀င်း နုတ်ထွက်ပေးရေးနှင့် တပါတီစနစ် အဆုံး သတ်ရေးအတွက် တောင်းဆိုခဲ့ကြစဉ် အရေးတော်ပုံကာလတွင်မူ ထွက်ပေါ်ပွင့်ဖူးလာသည့် သတင်းလွတ်လပ်ခွင့်ကို ကာလတို ခံစားနိုင်ခဲ့ကြသည်။ အစိုးရ၏ စာပေစိစစ်ရေးကို တင်ပြစရာမလိုဘဲ လွတ်လပ်စွာ ထုတ်ဝေခဲ့ကြသည့် ဒီမို ကရေစီရေး စာစောင်များ၊ သတင်းစာများ၊ လက်ကမ်းလွှာများကို တ၀ကြီး ဖတ်ခဲ့ကြရသည်။
မြန်မာအစိုးရပိုင် သတင်းစာ များသည်ပင် “အားလုံးကောင်းပါသည်”ဟူသည့် အစိုးရ တရားဝင်ပုံစံမှ ခွဲထွက်၍ အံ့သြ ဖွယ်ရာ လွတ်လပ်ဖြောင့်မှန်စွာ တင်ပြသည့် ပုံစံသို့ ရုတ်ချည်း ပြောင်းလဲထုတ်ဝေလာခဲ့ပါသည်။ သို့သော်လည်း ဤ လွတ်လပ်ခွင့်ကို ရေတိုသာ ခံစားခဲ့ကြရပါသည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာမီတွင် သတင်းလွတ်လပ်ခွင့်အပေါ် နောက် တဖန် ထိခိုက်မှု၊ နှိပ်ကွပ်ချိုးနှိမ်မှုတို့ ကြုံခဲ့ကြရပြန်သည်။ သတင်းထောက်များနှင့် အယ်ဒီတာစာတည်းများအတွက် အမှောင်လွှမ်းသည့်ခေတ်ကို နောက်တကြိမ်အားတင်းရုန်းကန် ဖြတ်သန်းကြရပြန်သည်။ ဖမ်းဆီးခံကြရခြင်း၊ နှိပ်စက်ညှဉ်း ပန်းခံရခြင်း၊ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရခြင်း စသဖြင့် ကြုံခဲ့ကြရသည်။ “မြန်မာနိုင်ငံသည် သတင်းစာလောက၏ ရန်သူဖြစ်သည်” ဟု နယူးယောက်မြို့အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists) က ၂၀၀၅ ခုနှစ်တွင် ဖော်ပြပြောဆိုရသည့် အခြေအနေကို ရောက်ခဲ့ရတော့သည်။
ဤအခြေအနေအောက်တွင်ပင် ၎င်းတို့ လက်မလျှော့ စိတ်မပျက်ခဲ့ကြပါ။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံပြင်ပ၌ နောက်ထပ်မျိုးဆက်သစ် သတင်းထောက်များ အုပ်စုတခုအနေဖြင့် ဖွံ့ဖြိုး ပေါ်ထွက်လာခဲ့ကြပါသည်။ ယခင်က ၁၉၈၈ အရေးတော်ပုံနှင့် နောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် ပါဝင် ခဲ့ကြသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ခဲ့ကြသည့် သတင်းထောက်များ ပေါ် ထွက်လာပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံ စသည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် သတင်းအေဂျင်စီများ ထူထောင်လှုပ် ရှားခဲ့ကြသည်။ ဧရာဝတီ မဂ္ဂဇင်းကိုယ်နှိုက်သည်ပင် ၁၉၉၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဤသို့ သူပုန်ဆန်ဆန် ရုန်းကြွ လှိုင်းထန်နေသည့် ခေတ်ကာလအတွင်း၌ မွေးဖွားပေါ်ထွက်လာရခြင်း ဖြစ်သည်။
မြန်မာသတင်းထောက် တချို့က ဘီဘီစီနှင့် ဗွီအိုအေ သတင်းဌာန မြန်မာအစီအစဉ်များတွင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြသည်။ နော်ဝေရှိ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကိုလည်း ပြည်ပရောက်မြန်မာများက ဦးစီးတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
ဤမြန်မာသတင်းဌာနများသည် အရွယ်ရ ၀ါရင့်လာသည်နှင့်အမျှ လူအများ၏ ထင်မြင်ချက်များကို ပုံဖော်ဦးဆောင်နိုင် သည်အထိ အရည်အချင်းရှိ အင်အားကောင်းကြောင်းလည်း သက်သေပြနိုင်ခဲ့ကြသည်။ ထိုမျှမက နိုင်ငံတကာ စာဖတ် ပရိသတ်များအတွက်လည်း သတင်းများတိကျစွာ ဖော်ပြပေးနိုင်ခဲ့ကြပါသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ လူထုအုံကြွဆန္ဒပြပွဲများတွင် မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်များနှင့် “ပြည်သူလူထု ကိုယ်တိုင်က သတင်းထောက်အဖြစ် ဆောင်ရွက်ကြသူ” များက သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို တင်ပြပေးနိုင် ခဲ့ကြပြီး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုကိုလည်း ဘူးပေါ်သလို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ကြပါသည်။ အလားတူ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာအုပ်စုများကလည်း အရေးပါသည့် အခန်းကဏ္ဍက ပံ့ပိုးစွမ်းဆောင်နိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်းတွင် တရုတ်လုပ် ရေဒီယိုများ အလွယ်တကူ ရရှိနိုင်ခဲ့ရာ သတင်းငတ်မွတ်နေကြသည့် မြန်မာပြည် သူများက ပြည်ပမှ ထုတ်လွှင့်သည့်သတင်းများကို အငမ်းမရ ဖမ်းယူနားထောင်ခဲ့ကြသည်။ ပြည်ပမှထုတ်လွှင့်သည့် ရုပ်သံလှိုင်းများ ဖမ်းယူရရှိနိုင်အောင် ဂြိုဟ်တုစလောင်းများကိုလည်း ချက်ချင်းဆိုသလို ၀ယ်ယူတပ်ဆင်ခဲ့ကြသည်။
စစ်အစိုးရ တပ်ဖွဲ့များက ငြိမ်းချမ်းစွာဆန္ဒပြနေသူများ၊ ရဟန်းသံဃာများ၊ သီလရှင်များကို ပစ်ခတ်သတ်ဖြတ်နေဆဲကာလ၌ ဒစ်ဂျစ်တယ် ကင်မရာများ၊ လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာမှတ်ဉာဏ်ချောင်းများ (memory stick) သုံး၍ “နိုင်ငံသား ပြည် သူသတင်းထောက်များ” က ရဲဝံ့သတ္တိပြောင်မြောက်စွာ လမ်းပေါ်ထွက် သတင်းယူ၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ကာ ပြင်ပ ကမ္ဘာက သိရှိအောင် သတင်းပေးပို့ခဲ့ကြသည်။
စစ်အစိုးရက အင်တာနက် ဆက်သွယ်မှု မဖြတ်တောက်မီ အချိန်အထိ မြန်မာပြည်တွင်း ဖြစ်ပျက်နေသည့် ဓာတ်ပုံများ၊ ဗီဒီယို ရိုက်ကူးချက်များ အရေအတွက် ထောင်နှင့်ချီ၍ ထွက်လာနေခဲ့သည်။ ထင်ရှားပြတ်သား အင်အားကောင်း လှသည့် ဓာတ်ပုံများနှင့် ဗီဒီယိုရုပ်ပုံများက ဗုဒ္ဓဘာသာဝင်သံဃာများနှင့် အရပ်သားများအပေါ် အုပ်စိုးနေသူ စစ်အစိုးရကို မည်သို့ ပြောင်မြောက်စွာ အံတုဆန့်ကျင်ခဲ့ကြသည်၊ စစ်တပ်ကလည်း မည်သို့ ရက်စက်ကြမ်းကြုတ်စွာ အင်အားသုံး ပြုမူ ဆက်ဆံခဲ့ ကြသည်ဆိုသည့် ဖြစ်ရပ်မှန်သတင်းများကို အထင်းသားပေါ်လွင်နေစေခဲ့သည်။
ဂျပန် ဓာတ်ပုံသတင်းထောက် ကင်ဂျီ နာဂါအိ (Kenji Nagai) အား နေ့ခင်းကြောင်တောင် သတ်ဖြတ်ခဲ့သည်ကို မြင်သာစေသည့် ဓာတ်ပုံများက ကမ္ဘာတလွှား ပွက်လောရိုက်သွားစေခဲ့သည်။ အချိန်ပြည့် ပြန်လည်ထုတ်လွှင့်ပြ သခဲ့ကြရပြီး ဘီဘီစီ၊ စီအန်အန်၊ အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြား ဖန်သားပြင်များတွင်လည်း အကြိမ်ကြိမ် ပြန်လည်ပြသခဲ့ကြသည်။
မြန်မာနိုင်ငံ ပြင်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာအုပ်စုများကို နိုင်ငံတကာ သတင်းဌာနကြီးများက “အတိုက်အခံများ ၏ မြေအောက်သတင်းမီဒီယာ ဌာနခွဲ” များ၊ “အတိုက်အခံ သတင်းဌာနများ” အဖြစ် ခေါ်ဆိုသမုတ်ခဲ့ကြသော်လည်း၊ ၎င်း တို့က မြန်မာနိုင်ငံတွင်းမှ ရလာသည့် သတင်းများ၊ ရုပ်ပုံများကို မခြွင်းမချန် သစ္စာရှိစွာ ထုတ်ဖော်ဖြန့်ဖြူးပေးခဲ့ကြပါသည်။
ပြည်ပ အခြေစိုက် မြန်မာသတင်းဌာနများက ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာအရ အားထားနိုင်သည့် အနေအထား၊ ကျွမ်းကျင်မှု၊ ဉာဏ်ရည်သွေးကို ကမ္ဘာသို့ သိစေခဲ့ပြီ ဖြစ်သည်။ အခြားသော သတင်းဌာနကြီးများကဲ့သို့ပင် ၎င်းတို့က ထိရောက်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သည်ကို ပြသခဲ့ပြီ ဖြစ်သည်။ အလားတူ အရေးကြီးသည့်အချက်မှာ ဘလော့ ရေးသူ (bloggers) များနှင့် သတင်းထောက်လုပ်ငန်းဖြင့် အသက်မွေးသူများအကြား ရင်းနှီးဆက်စပ်နိုင်မှု၊
တရားဝင် မဟုတ်သည့် မဟာမိတ်ဖွဲ့ ပေါင်းစည်နိုင်မှုကို သတင်း၊ ဓာတ်ပုံများ ဖလှယ်ရင်း တည်ဆောက်နိုင်ခဲ့ကြသည်။
သို့သော်လည်း စည်းရှိသေးသည်။ မိမိတို့ သတင်းထောက်များက ကျွမ်းကျင်သက်မွေးမှု စံနှုန်း သတ်မှတ်ချက်များအရ အမြင့်ဆုံး ထိန်းနိုင်အောင် သတိဖြင့် စောင့်ထိန်းကျင့်ကြံရမှုများ ရှိပါသည်။ ရရှိလာသော သတင်းဖြစ်ရပ်များကို စာဖတ် သူများထံသို့ အမြန်ဆုံးနှင့် အတိအကျ ပေးပို့နိုင်ရေးအတွက် သေချာအောင် စိစစ်မှု ပြုကြရပါသေးသည်။
ထိုကာလအတွင်းက မြစ်အတွင်း မျောနေသည့် သံဃာတပါး၏ ဓာတ်ပုံနှင့် ဆယ်ဘီးကားဖြင့် ကြိတ်သတ်ခံရသည့် လူတဦး ၏ ဓာတ်ပုံကို မိမိတို့ မြင်ခဲ့ကြရသည်။
အင်တာနက်ပေါ်တွင် ဤဓာတ်ပုံများ ကျယ်ပြန့်စွာ တက်လာသည့်အခါ မြင်ကြရသည့် မြန်မာလူမျိုးများနှင့် နိုင်ငံခြားသား များအဖို့ မခံရပ်နိုင် ဒေါသများ၊ ၀မ်းနည်းကြေကွဲ ခံစားရမှုများ ဖြစ်ခဲ့ကြရပါသည်။ စစ်အစိုးရအနေဖြင့် အလားတူ သတ်ဖြတ် မှုမျိုး ကျူးလွန်နိုင်သည်ဟုလည်း တွက်ဆထားခဲ့ကြပါသည်။ သို့သော်လည်း မိမိတို့ကမူ ဤဓာတ်ပုံများ၏ ရင်းမြစ်များကို အတည်မပြုနိုင်သည့် နည်းတူ၊ ၀ါရင့် သတင်းစာဆရာကြီးများကလည်း ဤဓာတ်ပုံနှစ်ပုံသည် အမှန်စင်စစ် ယခုဆန္ဒပြပွဲများ နှင့် မသက်ဆိုင်ကြောင်း ပြောဆိုထောက်ပြခဲ့ကြပါသည်။ နောက်ဆုံးတွင် ဧရာဝတီမဂ္ဂဇင်းက ဤဓာတ်ပုံများကို ဖော်ပြခြင်း မပြုခဲ့ပါ။
၎င်းဖြစ်ရပ်များနှင့် များမကြာမီ အခြားကိစ္စတခုတွင် မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်သည့် သတင်းကို တချို့သော ပြည်ပရောက် သတင်းဌာနများက ဖော်ပြခဲ့ကြသေးသည်။ သို့သော်လည်း မိမိတို့က အတည်ပြု ချက်ရယူနိုင်ရန် စောင့်ဆိုင်းနေခဲ့သည်။ ကွယ်လွန်ကြောင်း အတည်ပြုနိုင်သည့်အခါမှသာ သတင်းမှန်ကို တိကျစွာတင်ပြ ခဲ့ပါသည်။
ဤသည်မှာ သတင်းမီဒီယာလုပ်ငန်းဖြင့် အသက်မွေးနေသူများအတွက် မဖြစ်မနေလိုက်နာကြရမည့် အချက်အလက် ပြန် လည် စစ်ဆေးခြင်း အလုပ်ပင် ဖြစ်ပါသည်။ စာဖတ်သူများထံသို့ သတင်းမှန်တင်ပြပေးနိုင်ရန်အတွက် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုကြီးနှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာများဦးဆောင်သည့် လူထုဆန္ဒပြ ပွဲများသည် မြန်မာနိုင်ငံ၏ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ပိုမိုကောင်းမွန်သည့် လူမှုဘ၀တည်ဆောက်နိုင်ရေး အရေး တော်ပုံအတွက် အရေးပါမှု တူညီပါသည်။ သို့သော် နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက် ဆက်သွယ်မှုနှင့် လက်ကိုင်ဖုန်း များကြောင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် လှုပ်ရှားမှုက အရှိန်အဟုန် ရိုက်ခတ်မှု နှစ်ဆမက အားသာခဲ့သည်။
မြန်မာနိုင်ငံအပေါ် လူအများက အထူးအာရုံထားလာမိကြသည်။ ထိုမျှမက မြန်မာနိုင်ငံပြင်ပနှင့် ပြည်တွင်းတွင် ရှိနေကြ သည့် သတင်းမီဒီယာလောကသားများအကြား မတူကွဲပြားမှု၊ မယုံသင်္ကာ သံသယစိတ်များကို ကျဉ်းမြောင်းပစ်နိုင်ရန် အတွက် ဆက်စပ်ပေါင်းကူးနိုင်မည့် နည်းလမ်းများကို တွေ့လာခဲ့ကြသည်။ အကျိုးရလဒ်တခုမှာကား လူထုဆန္ဒပြပွဲများ ဖြစ်ချိန်မှစ၍ မြန်မာလူငယ်အများစုက ပို၍ပို၍ သတင်းစာပညာကို လေ့လာရန် စိတ်ဝင်စားလာကြခြင်းပင် ဖြစ်သည်။
ပို၍ အရေးကြီးသည့် အချက်မှာ မြန်မာနိုင်ငံ ပြင်ပရှိ သတင်းမီဒီယာအင်အားစုများသည် ပြည်သူလူထု၏ အမြင်များကို ပုံသွင်းနိုင်ရုံမျှမက နိုင်ငံတကာ စာဖတ်ပရိသတ်များထံသို့ အယ်ဒီတာခေါင်းကြီးများနှင့် သတင်းသုံးသပ်ချက်များကိုလည်း လမ်းညွှန် ရှင်းလင်းတင်ပြနိုင်ခဲ့ကြသည်။ အရာရှိများ၊ မူဝါဒရေးရာ ချမှတ်နေသူများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များ၊ ဉာဏ်ကြီးရှင် အကြံပေးအဖွဲ့များ၊ နိုင်ငံတကာ ပုံနှိပ်ထုတ်ဝေမှုများသို့ပါ သြဇာသက်ရောက်စေနိုင်ခဲ့သည်။ ဤပြည်ပရှိ သတင်းမီဒီယာ အင်အားစုများကြောင့် မြန်မာနိုင်ငံအရေးကို လူအများပိုမို သိရှိလာစေရုံမျှမက ကမ္ဘာ့စာဖတ်ပရိသတ်ထံသို့ပါ ခြေလှမ်းချဲ့နိုင်ခဲ့ကြသည်။
ဤသတင်းမီဒီယာ အုပ်စုများသည် နေ့ချင်း၊ ညချင်းဆိုသလို ပြည်ပသတင်းမီဒီယာ ဌာနကြီးများအတွက် ယုံကြည်ရ လောက်သည့် သတင်းရင်းမြစ်များ ဖြစ်ကြောင်း ပြသနိုင်ခဲ့ကြသည်။
ပြည်ပရောက် မြန်မာသတင်းမီဒီယာ အုပ်စုများအနေဖြင့် ၎င်းတို့၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ သတင်းစာပညာ၏ အရည်အသွေး စံနှုန်းအပေါ် ထိန်းသိမ်းမှု၊ ဂုဏ်သိက္ခာ စသည်တို့ကို ဆက်လက်တည်မြဲနေအောင် ထိန်းသိမ်းကြလိမ့်မည် ဟု မျှော်လင့်ရပါသည်။ အကယ်၍ မြန်မာနိုင်ငံသာ ပွင့်လင်းလာခဲ့ပါက ၎င်းတို့သည် အရေးကြီးသည့် အခန်းကဏ္ဍမှနေ ၍ စွမ်းဆောင်နိုင်မည့် အခွင့်အလမ်း များစွာရှိနေကြပါသည်။
ရှောင်လွှဲမရသည့် အချက်မှာ မြန်မာနိုင်ငံ၏ အဖြေအတွက် တစိတ်တပိုင်းသာ ဖြစ်နေစေသင့်ပါသည်။ ပြဿနာများ၏ တစိတ်တပိုင်း မဖြစ်သင့်တော့ပါ။ [Top]
ဤအမြင်နှင့် တင်ပြချက်များကို ဘန်ကောက်တွင်ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသတွင်း ပြောင်းလဲတိုးတက်နေသည့် အလားအလာများ (Changing Dynamic in the Asia Pacific Conference) ကွန်ဖရင့်တွင် မြန်မာနိုင်ငံ နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ မူလက တင်ပြဆွေးနွေးခဲ့သည့် စာတန်းမှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။
အောင်ဇော်ရေးသားသည့် Seeking the Truth, Informing the Public (Commentary) ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။ ။ |