#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

သူတို့ကိုရှက်ပါ
အေးချမ်းမြေ့ | ဇန်နဝါရီ ၂၄၊ ၂၀၀၈

သူတို့အသက်ကလေးများကို တွက်စစ်ကြည့်လျှင် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းသာ ရှိကြသည်ကိုတွေ့ရသည်။ သို့သော် သူတို့ လုပ်နေသည့်အလုပ်က သူတို့အသက်ထက်စာလျှင် ကြီးကျယ်နေသည်ဟု ထင်လိုက ထင်နိုင်သည်။ သို့သော် …

သူတို့က သူတို့ အလုပ်ကို ကြီးကျယ်သည်ထင်၍ လုပ်နေခြင်းမဟုတ်၊ နာမည်ကြီးချင်၍ လည်းမဟုတ်၊ စတန့်ထွင်တာလည်း မဟုတ်၊ ဒီအလုပ်ကို သူတို့ တကယ်စိတ်ပါဝင်စားစွာ၊ လူအချင်းချင်း စာနာနားလည် ထောက်ထားစွာ၊ မြတ်မြတ်နိုးနိုး ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်နေကြခြင်း ဖြစ်သည်။


မိဘမဲ့ကလေးငယ်များအပေါ် ထားရှိသည့် အွန်လိုင်း လူမှုကူညီရေးအဖွဲ့ဝင်များ၏ စေတနာ

သူတို့ဆိုတာက အသက် ၂၀ အရွယ်ရှိ ကိုအောင်မျိုးသူ စုစည်းထားသော လူမှုကူညီရေး အုပ်စုငယ်လေး ဖြစ်သည်။ သူတို့က အဖွဲ့အစည်းလည်းမဟုတ်၊ အစည်းအရုံးလည်း မဟုတ်သဖြင့် အုပ်စုဟုသာ သုံးနှုန်းလိုက်ရခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က အကြီးအကျယ် တောက်လောင်ခဲ့သော လှိုင်မီးဘေးကြောင့် ဒုက္ခသည်ပေါင်းများစွာ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရသည့်မြင်ကွင်းကို ကိုအောင်မျိုးသူ မမေ့နိုင်။ သူ့မျက်စိရှေ့တွင် အိမ်ပေါင်းများစွာကို ဝါးမြိုခဲ့သည့် မီးတောက်ကြီးများ၊ နာရီပိုင်းအတွင်း အိမ်ခြေရာမဲ့ဖြစ်သွားရသူများ၊ လူပေါင်းများစွာ၏ မျက်ရည်များက သူ့ရင်ကိုကိုင်လှုပ် ခဲ့သည်။

အဲဒီနောက်ပိုင်းမှာတော့ သူ၏ကိုယ်ပိုင်ဘဝလေးကို ကူညီမှုလိုအပ်နေသည့် လူများအတွက် ပေးအပ်ရန် ဆုံးဖြတ်ချက်ချ လိုက်တော့သည်။ ပထမဆုံးအကြိမ်အဖြစ် သူနှင့် သူ့သူငယ်ချင်းများပါဝင်သည့် အွန်လိုင်း လူမှုကူညီရေးအဖွဲ့ကလေးက လှိုင်မီးဘေးကြောင့် ဒုက္ခရောက်နေသူများအတွက် စောင်အထည် ၁၀၀ စတင်လှူဒါန်းနိုင်ခဲ့သည်။

လှိုင်မီးဘေးကြောင့် မိသားစုပေါင်း ၁၉၆၂ စု အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်နှင့်စာလျှင် သူတို့ကူညီမှုလေးက မဖြစ်စလောက်ဟု ဆိုရမည်ဖြစ်သော်လည်း ထိုအစပျိုးလှူဒါန်းမှုကလေးက နောက်ပိုင်းဆက်လက် လုပ်ဆောင်မည့်အလုပ်များအတွက် အင်အားကိုဖြစ်စေခဲ့သည်။

လှိုင်မီးဘေးနောက်ပိုင်း ၂၀၀၅ ဒီဇင်ဘာတွင် အင်တာနက် စကားပြောခန်း (chatting room) မှ စတင်ခင်မင်ခဲ့ရသည့် သူငယ်ချင်းများ စုပေါင်း၍ အွန်လိုင်းလူမှုကူညီရေးအဖွဲ့ကလေးကို ကိုအောင်မျိုးသူ စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ သူတို့ အွန်လိုင်းလူမှုကူညီရေးအဖွဲ့ကလေးက အဓိကအားဖြင့် စောင့်ရှောက်သူမဲ့သက်ကြီးရွယ်အိုများ၊ ကျောင်းမနေနိုင်သည့် ကလေးများ၏ လိုအပ်ချက်ကွက်လပ်များကို ဖြည့်ပေးမည်ဟု ကိုအောင်မျိုးသူက ဧရာဝတီကို ပြောပြသည်။

“ကျနော်တို့အားလုံးရဲ့ရည်ရွယ်ချက်က တကယ်လိုအပ်နေတဲ့သူတွေကို ကျနော်တို့တတ်နိုင်သလောက် ကူညီချင်တာပါပဲ” ဟု သူကဆက်ပြောသည်။ ကိုအောင်မျိုးသူက အွန်လိုင်း လူမှုကူညီရေးအဖွဲ့ကလေးကို စတင်တည်ထောင်သူဖြစ်သည်။ သူ့ကိုဧရာဝတီက ဖုန်းဆက်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။

အွန်လိုင်းလူမှုကူညီရေးအဖွဲ့အနေနှင့် အင်တာနက်ကဖေးများတွင် အခြေတည်ထားခြင်းဖြစ်ပြီး အဖွဲ့ဝင်သစ်များနှင့်လည်း အင်တာနက်စကားပြောခန်းများတွင် လက်ခံတွေ့ဆုံကြသည်။ အဖွဲ့ဝင်တိုင်းက စေတနာ့ဝန်ထမ်းများ ဖြစ်သည်။

အွန်လိုင်းလူမှုကူညီရေးအဖွဲ့ဝင် လူငယ်များအနေနှင့် အဖွဲ့ဝင်သစ်များကို အမြဲလက်ခံလျက်ရှိပြီး အဖွဲ့ဝင်တဦးလျင် တလ အတွက် ကျပ် ၂၀၀၀ ကောက်ခံသည်။ ၎င်းတို့အဖွဲ့ကလေးက မြန်မာနိုင်ငံအတွက် ပထမဆုံး လူငယ် လူမှုကူညီရေးအဖွဲ့ ကလေးဟုလည်း ဆိုနိုင်သည်။

“ကျနော်တို့အဖွဲ့ကလေးက ဘယ်ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေဆီကမှ အလှူငွေမရပါဘူး၊ ကျနော်တို့ သူငယ်ချင်း တွေရဲ့မုန့်ဖိုးထဲကနေ စုပြီးလှူကြတာ” ဟု ကိုအောင်မျိုးသူက ပြောသည်။

သူတို့အဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁၅၀ ထက်မနည်းရှိပြီး ကူညီမှုလိုအပ်လျက်ရှိသူများကို ငွေအား၊ လူအားဖြင့် ကူညီကြသည်။ ရန်ကုန်နှင့် အနီးတဝိုက်မြို့နယ်များတွင်ရှိသော မည်သည့်လူမျိုးဘာသာမရွေး ဒုက္ခရောက်နေသူများ၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ စသည်တို့ကိုသွား၍ လိုအပ်လျှက်ရှိသော အစားအစာ၊ ဆေးဝါး၊ ငွေကြေး စသည်ဖြင့် လှူဒါန်းကြသည်။

“ကျပ် ၅၀၀ လောက်နဲ့က ရန်ကုန်မှာကျနော်တို့ ဘာမှစားလို့သောက်လို့ မရဘူးလေ၊ ဒါပေမယ့် အဲဒီငွေနဲ့ဆို ကလေးတယောက်အတွက် တနေ့စာလှူလို့ရတယ်” ဟု သူက ဆက်ပြောသည်။


အသက်ငယ်ရွယ်သော်ငြား တန်ဖိုးထားဖွယ် စေတနာရှင်များ

သူတို့အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ မိဘမဲ့ကလေး စာသင်ကျောင်းများသို့ လှူဒါန်းရန်ဖြစ်သည်။ မြန်မာပြည်တွင် ပုဂ္ဂလိက ရန်ပုံငွေဖြင့် ထူထောင်ထားသော ဆင်းရဲသည့် မိဘမဲ့ကလေးဂေဟာများ ရှိသည်။ ဘိုးဘွားရိပ်သာများသို့လည်း လှူဒါန်း လျက်ရှိရာ ၂၀၀၆ ဒီဇင်ဘာ ၁၇ ရက်နေ့က ပဲခူးမြို့ရှိ သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခဲ့သည်။

၂၀၀၇ခု ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ၎င်းတို့အဖွဲ့အနေနှင့် မှော်ဘီမြို့အနီးရှိ ဖူးမူးလဲ မိဘမဲ့ဂေဟာသို့ သွားရောက်လှူ ဒါန်းခဲ့သေးကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ပြောသည်။ ထိုလှူဒါန်းပွဲသို့ ရန်ကုန်မှ သတင်းထောက်များ တက်ရောက်သတင်းယူခဲ့ကြသည်ဟု ၎င်းကပြောပြသည်။

“ကျနော်လည်း အဲဒီဖူးမူးလဲ မိဘမဲ့ဂေဟာကို သူတို့နဲ့အတူလိုက်သွားခဲ့တယ်၊ ကလေးတွေ ထမင်းစားနေတာ ကိုကြည့်ပြီး အရမ်းကြည်နူးတာပဲ” ဟု ၎င်းအယ်ဒီတာက သူ့အတွေ့အကြုံကို ပြောပြသည်။

အွန်လိုင်းလူမှုကူညီရေးအဖွဲ့အနေဖြင့် ဖူးမူးလဲမိဘမဲ့ဂေဟာသို့ စာအုပ်၊ စာရေးကိရိယာများအပါအဝင် ငွေ ကျပ် ၃၃၀၀၀၀ လှူဒါန်းခဲ့သည်။ ၎င်းလှူဒါန်းမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၀၆ ဖေဖော်ဝါရီတွင် ကျပ်သုံးသိန်း ပေးလှူ ခဲ့ကြောင်းသိရသည်။

ကိုအောင်မျိုးသူတို့ အွန်လိုင်းလူမှုကူညီရေးအဖွဲ့ကလေးသည် ၂၀၀၇ ဒီဇင်ဘာအထိ စုစုပေါင်း လှူဒါန်းပြီးငွေ ၉၉ သိန်း ရှိနေပြီဖြစ်သည်။ ယခုလက်ရှိ သူတို့လက်ထဲတွင် ငွေကျပ် ၁၀ သိန်းခန့်ရှိနေပြီး အစိုးရဆေးရုံတရုံ သို့လှူဒါန်းရန် သွေးထဲတွင် နမိုးနီးယားပါဝင်နှုန်းတိုင်းတာသည့်စက် (purify capsular polysaccharide) ဝယ်မည်ဟု သိရသည်။

သူတို့က အွန်လိုင်းပေါ်တွင် တဦးကိုတဦး သူငယ်ချင်းဟု ခေါ်ဝေါ်ကာ စကားပြောကြသည်။ သူတို့ အသက်ကလေးတွေက ငယ်ပင်ငယ်ငြားလည်း သူတပါးကို ဘာကူညီပေးနိုင်မလဲဆိုတာ စဉ်းစားတတ်သည်။ သူတပါးဆီက ဘာရမလဲ၊ ဘယ်လို အမြတ်ထုတ်ရမလဲဆိုတာသာတချိန်လုံး စဉ်းစားနေသောလူကြီးများ သူတို့ကိုရှက်ဖို့ကောင်းသည်။ နှမ်းတလုံးထဲနှင့် ဆီမဖြစ်သော်လည်း သူတို့နှမ်းစေ့ကလေးတွေ စုပေါင်းထားသည့် အင်အားတခုကိုတော့ ဘယ်လိုနည်းနှင့်မှ လျှော့တွက်၍ မရနိုင်ပါချေ။     ။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.