ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်
လွင်ကျော် | ဇန်နဝါရီ ၂၃၊ ၂၀၀၈
အသက် ၇၀ ဝန်းကျင် အရွယ်၊ ဝါညစ်ညစ် အဖြူရောင်ရင်ဖုံးအင်္ကျီ ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားတဲ့ အမယ်အိုကြီးတဦး လသာမြို့နယ်၊ သံဈေးမှတ်တိုင်အနီး ၁၅ လမ်းထဲကနေ တုန်ရီချိနဲ့စွာနဲ့ ပြေးထွက်လာပါတယ်။
အမယ်အိုဟာ ခေါင်းပေါ်က ကန်စွန်းရွက်၊ ချည်ပေါင်ရွက်၊ ဆလပ်ရွက်စတဲ့ ဟင်းသီးဟင်းရွက် မျိုးစုံထည့်ထားတဲ့ နှီးဗန်း ကြီးကို ဘယ်ဘက်လက်နဲ့ ဒယီးဒယိုင်ထိန်းရင်း၊ ညာဘက်လက်မှာတော့ အသက် ငါးနှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ် တဦးကို ဒယဥ့်တိုက်ဆွဲခေါ်လာတာ တွေ့မြင်ရပါတယ်။
အမယ်အိုကြီးလိုပဲ ဈေးဗန်းများကို ရွက်ရင်းပြေးလာကြတဲ့ လမ်းဘေးဈေးသည်တွေနောက်ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတံဆိပ်ပါ အပြာရင့်ရောင် ယူနီဖောင်းဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ စည်ပင်ဝန်ထမ်း ဆယ်ယောက် လောက်က ပြေးလိုက်လာကြပါတယ်။
မဟာဗန္ဓုလလမ်းမပေါ် ရောက်တဲ့အခါမှာတော့ အရှိန်ပြင်းပြင်းမောင်းနေတဲ့ကားတွေကြောင့် လမ်းဘေးဈေးသည်တချို့ဟာ ရှေ့ဆက်မပြေးနိုင်ကြတော့ဘဲ စည်ပင်ဝန်ထမ်းတွေရဲ့ ဖမ်းဆီးခြင်းကိုခံကြရတာ တွေ့မြင်ရပါတယ်။
ဆက်မပြေးနိုင်တော့တဲ့ အမယ်အိုကြီးရဲ့ ဈေးဗန်းကို အတင်းလုနေတဲ့ စည်ပင်ဝန်ထမ်းနှစ်ဦးကို အမယ်အိုကြီးက လက်အုပ် လေးချီရင်း သူ့ဈေးဗန်းကို မသိမ်းဖို့ တောင်းပန်ပါတယ်။
“သားတို့ရယ် အမေတို့မြေးအဘွားကို သနားပါ” ဆိုပြီး မျက်ရည်ကျရင်း တောင်းပန်နေပေမယ့် စည်ပင်ဝန်ထမ်းတွေက မကြားယောင်ပြုပြီး အမယ်အိုကြီးရဲ့ ဈေးဗန်းကို သိမ်းယူသွားပါတော့တယ်။
ရန်ကုန်မြို့ရဲ့ အချက်အချာကျကျမြို့တွင်းလမ်းသွယ်၊ လမ်းမကြီးများနဲ့ ပလက်ဖောင်းတွေမှာ ဈေးဗန်းချရောင်းနေတဲ့ ဈေးသည်တွေကို ဇန်နဝါရီလ တလအတွင်း သုတ်သင်ဖယ်ရှားမယ်ဆိုတဲ့ စီမံချက်အတိုင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးအဖွဲ့ဝင်များနဲ့အတူ မြို့နယ်အသီးသီးက စွမ်းအားရှင်တွေ ရယကတွေ၊ ကြံ့ဖွံ့တွေ၊ မီးသတ်တွေ၊ ယာဉ်ထိန်းရဲ တွေအပြင် နယ်မြေခံရဲတွေပါ ပူးတွဲပါဝင်ပြီး လိုက်လံဖမ်းဆီးနေတာ တွေ့မြင်ရပါတယ်။
“မြို့ထဲလမ်းကျဉ်း၊ လမ်းသွယ်၊ ပလက်ဖောင်းတွေနဲ့ လမ်းမကြီးတွေပေါ်မှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေကို တလ အတွင်းရှင်းလင်းသွားမှာပါ” လို့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဇန်နဝါရီလဆန်း ပိုင်းမှာပြုလုပ်ခဲ့တဲ့ ပြည်တွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့တော်ဝန်ရဲ့ ပြောကြားချက်ထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လမ်းဘေးဈေးသည်များ သုတ်သင်ရှင်းလင်းရေးစီမံချက်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်တဲ့အနေနဲ့ စစ်ဆင်ရေး အသွင် သဏ္ဍန်မျိုးဖန်တီးပြီး ဈေးသည်တွေကို ညှပ်ပူးညှပ်ပိတ်၊ လူအင်အားသုံး ဖမ်းဆီးနေကြတာတွေ့မြင်ကြရပါတယ်။
“လမ်းဘေးဈေးသည်တွေကို လိုက်ဖမ်းနေကြတာကလည်းဗျာ လူအင်အားတွေသုံးထားလိုက်တာ။ ဈေးဗန်းတွေကိုဝင်သိမ်း နေတာများ စခန်းထဲကို သူပုန်တွေဝင်စီးတဲ့ ပုံစံမျိုးနဲ့ကို ဝင်ဖမ်းနေကြတာ၊ မြင်ရတဲ့သူတွေမှာ စိတ်မချမ်းသာဘူး” လို့ လမ်း ၄၀ လမ်းဘေးပလက်ဖောင်းပေါ်က ဈေးသည်တွေကို ဝင်ရောက်ဖမ်းဆီးစဉ် မြင်တွေ့လိုက်ရသူ အမျိုးသားတဦးက ပြောပြပါတယ်။
အခုလို ရန်ကုန်တမြို့လုံးက လမ်းဘေးဈေးသည်တွေကို ဖယ်ရှားရတဲ့ အကြောင်းရင်းကတော့ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေးအတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းကို ရန်ကုန်မြို့တော်ဝန်က ဇန်နဝါရီလဆန်းပိုင်း၊ ပြည်တွင်း သတင်းမီဒီယာ များနဲ့ တွေ့ဆုံပွဲတခုမှာ ပြောဆိုပါတယ်။
လမ်းဘေးဈေးသည်တွေကို ရှင်းလင်းဖယ်ရှားရခြင်းရဲ့နောက်ထပ် အကြောင်းပြချက်တခုကတော့ ပြည်သူ့လုံခြုံရေးအတွက် ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင် ရဲအုပ်တဦးက ပြောပြပါတယ်။ မကြာသေးမီက ရန်ကုန်၊ နေပြည်တော်၊ ပဲခူးနဲ့ ရန်ကုန်-ကျောက်ကြီး ခရီးသည်တင်ယာဉ်ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်လာတဲ့ လုံခြုံရေးအစီအစဉ် တွေကြောင့် ခုလိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“ရန်ကုန်မှာ လုံခြုံရေးအစီအစဉ်တွေ တိုးချဲ့နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဈေးသည်အရေအတွက် လျှော့နိုင်သမျှ လျှော့ချဖို့ ဆိုတဲ့အစီအစဉ်ပါတယ်။ ဗုံးဖောက်ခွဲမယ့်သူတွေက ဈေးသည်အယောင်ဆောင်ပြီး ဗုံးဖောက်နိုင်တယ်လို့ လူကြီး တွေက ယူဆထားပါတယ်” လို့ အဆိုပါ ဒုရဲအုပ်က ပြောပါတယ်။
စစ်အစိုးရအနေနဲ့ ၎င်းတို့ရဲ့လုံခြုံရေးအတွက် ချမှတ်ထားတဲ့ အစီအစဉ်သစ်တွေထဲမှာ မြို့နယ်တွေမှာ ဧည့်စာရင်းစစ်ခြင်းနဲ့ လမ်းဘေးဈေးသည်တွေကို သုတ်သင်ရှင်းလင်းခြင်းတွေ ပါဝင်ပါတယ်။ သူတို့ရဲ့စီမံကိန်းထဲမှာ ရန်ကုန်မြို့တွင်းက လမ်းဘေးဈေးသည်တွေ ပပျောက်သွားသည်အထိ ဆောင်ရွက်သွားဖို့ ပါဝင်ကြောင်းကြားသိရပါတယ်။
အစိုးရရဲ့ စီမံချက်ကြောင့် လမ်းဘေးဈေးသည်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်ရုံသာမက ဈေးဗန်းဆုံးရှုံးရလို့ အရင်းအနှီး ပျောက်ဆုံးရတဲ့ထိ ကြုံတွေ့ရလာပြီး အကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ လမ်းဘေးဈေးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ကျနော်တို့က ဈေးရင်းအတွက် နေ့ပြန်တိုးနဲ့ယူပြီး ရင်းကြရတာဆိုတော့ ခုလို ဈေးဗန်းသိမ်းခံရတဲ့အခါ ကြွေးအတွက် ပြဿနာဖြစ်ရတယ်။ ဈေးသည်တိုင်း ဈေးသည်တိုင်းမှာ ကြွေးတွေရှိနေတဲ့အပြင် အလုပ်မရှိတဲ့နေ့ က စားစရာမရှိတဲ့နေ့ပဲ” လို့လမ်း၄၀ ပလက်ဖောင်းပေါ်မှာ ခရမ်းချဉ်သီးရောင်းတဲ့ အသက် ၃၈ နှစ်ရှိ အမျိုးသားတဦးက ပြောပါတယ်။
ရန်ကုန်မြို့တွင်း လာရောက်ဈေးရောင်းချနေသူ လမ်းဘေးဈေးသည်အများစုဟာ မြို့ဆင်ခြေဖုံးဒေသများကဖြစ်ပြီး လှော်ကား၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီးအစရှိတဲ့ ဒေသများက လက်လုပ်လက်စား အခြေခံ လူတန်းစား အများစုနေထိုင်တဲ့ မြို့စွန်ဒေသများက ဖြစ်တယ်လို့ သိရပါတယ်။
“မနက် ၁ နာရီထပြီးတော့ သီရိမင်္ဂလာဈေးမှာ ကုန်စိမ်းသွားယူရတယ်။ ဈေးမှာကုန်စိမ်းယူပြီးတာနဲ့ မနက် ၅ နာရီ မြို့ထဲ အရောက်သွားရပါတယ်။ ဈေးရောင်းတာ တနေ့ကိုအမြတ်ငွေ ကျပ် ၃၅၀၀ လောက်တော့ကျန်ပါတယ်။ အဲဒါ မိသားစု စားလောက်ရုံပဲ၊ ခုလို ဈေးမရောင်းရ အမိန့်ထုတ်ပြီးဖမ်းနေတော့ ကျမတို့မိသားစု ဒုက္ခရောက်ပြီပေါ့” လို့ လသာမြို့နယ်မှာ ဈေးရောင်းနေတဲ့ ကလေးနှစ်ယောက် မိခင်တဦးက ရှင်းပြပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းဇယားတွေအရ ရန်ကုန်မြို့တွင်း မြို့နယ် ခုနစ်ခုမှာ လမ်းဘေးဈေးသည်စုစုပေါင်း သိန်းဂဏန်းနီးပါးရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည် အရေအတွက်ဟာ နှစ်စဉ်တိုးလျှက်ရှိကြောင်းလည်း သိရပါတယ်။ အခုလို လမ်းဘေးဈေးသည်များလာရခြင်းဟာ ရန်ကုန်မြို့တွင်းအလုပ်လက်မဲ့ လူဦးရေတိုးပွားလာရခြင်းနဲ့ စီးပွားရေးပိုမိုကြပ်တည်း လာရခြင်းတို့ ကြောင့်ဖြစ်ကြောင်း ရန်ကုန်မြို့မှာ နေတဲ့ စီးပွားရေးကျွမ်းကျင်သူ ပညာရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။
“အလုပ်အကိုင်မရှိလို့ ဈေးရောင်းတာကို ဖမ်းတယ်ဗျာ၊ ခေတ်က လုပ်စားတော့လည်းမိုးခေါင် ခိုးစားတော့လည်း ခွေးဟောင် ဆိုတဲ့ခေတ်ကို ရောက်နေပြီ” လို့ အသက် ၅၈ နှစ်အရွယ်ဈေးသည် အမျိုးသမီးကြီးတဦးက ပြောပါတယ်။
လမ်းဘေးဈေးသည် များပြားလာခြင်းနဲ့အတူ ဈေးသည်တွေကို တရားမဝင် အရင်းအနှီး ထုတ်ချေးပေးသူ၊ ငွေတိုးချေးစား သူတွေနဲ့ အစိုးရအမိန့်ရ အပေါင်ဆိုင်တွေ တိုးပွားလာတာ တွေ့မြင်ကြရပါတယ်။
“ဈေးသည်တွေအားလုံးက အရင်းအနှီးကို ငွေတိုးချေးတဲ့ သူတွေဆီမှာပဲ ယူကြတာ။ တရာကိုနှစ်ဆယ်တိုးနဲ့ နေ့ပြန်သွင်း ယူကြတယ်”လို့ ကျောက်တံတားမြို့နယ်က ရှောက်သီးသုပ်သည် အမျိုးသားတဦးက ရှင်းပြပါတယ်။
နေ့ပြန်တိုးဆိုတာ မနက်မှာချေးတဲ့ငွေကို ညနေမှာအတိုးရောအရင်းပါ ပြန်ပေးရတာမျိုးပါ။ ကျပ် ၁၀၀ ကို ၂၀ တိုး ဖြစ်တဲ့ အတွက် မနက်မှာငွေရှင်ဆီက ကျပ်တသောင်း ယူရင် ညနေမှာ ကျပ်သောင်းနှစ်ထောင် ငွေရှင်ကိုပြန်ပေးရပါတယ်။
လမ်းဘေးဈေးသည်တွေကို ဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း ဈေးသည်တွေအနေနဲ့ ဝမ်းရေးအတွက် ခိုးကြောင် ခိုးဝှက် ဈေးဗန်းခင်းပြီး ရောင်းချနေကြတာကို တွေ့မြင်ရပါတယ်။
“ဈေးသည်ဆိုတာ ဈေးရောင်းမှ ထမင်းစားရမှာ။ အဲဒီတော့ စည်ပင်လစ်တာနဲ့ ကျနော်ကတော့ ရောင်းတာပဲ” လို့ လသာ မြို့နယ်မှာ ပန်းသီး၊ လိမ္မော်သီးရောင်းတဲ့ ဈေးသည်တဦးက ဆိုပါတယ်။ ။ [Top] |