မီးခံသေတ္တာထဲက သောက်ရေသန့်
အေးချမ်းမြေ့ | ဇန်နဝါရီ ၉၊ ၂၀၀၈
ရန်ကုန်မြို့တွင် ရေသန့်ယဉ်ကျေးမှု စတင်ခဲ့သည်မှာ ၁၀ စုနှစ်တခုဝန်းကျင်ရှိခဲ့ပြီ။ အစက ရေသန့်ဟူသော ဝေါဟာရနှင့် မြန်မာလူထု အသားမကျခဲ့သော်လည်း ခုချိန်တွင်တော့ ရေသန့်နှင့် ချက်သောမုန့်ဟင်းခါး၊ ရေသန့်နှင့်ဖျော်သော လက်ဖက် ရည်၊ သောက်ရေသန့် အလှူ၊ ရေသန့်စက်လှူဒါန်း စသည်ဖြင့် ရေသန့်က ရန်ကုန်လူထုကြားတွင် တော်တော်လေး အရေးပါလာပြီဟု မြို့ခံတဦးက ပြောသည်။
အရေးပါလာသည်နှင့်အမျှ အမှန်တကယ်သန့်စင်သည့်ရေက တန်ဖိုးတက်လာခဲ့သည်။ ရှားပါးလာခဲ့သည်။ တသက်လုံး ဂျိုးဖြူပိုက်မှလာသည့်ရေကို ရေစစ်နှင့်စစ်၍ သောက်လာခဲ့သော ရန်ကုန်လူထုမှာ အခုတော့ ပီအိတ်ခ်ျဆဲဗင်းဟုခေါ်သော သောက်ရေသန့်ကိုသာ သောက်စရာရေအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မတိုင်မီ မြန်မာပြည်တွင် သောက်ရေသန့်ဆိုသည်ကို စတင်ကြော်ငြာစဉ်က လူတော်တော် များများက နေရာတိုင်းတွင် ရေချမ်းစင်များနှင့် ပြည့်နေသောနိုင်ငံ၌ သောက်ရေသန့် ထုတ်လုပ်ခြင်းမှာ သက်သက် အရူးထခြင်းသာဖြစ်သည် ဟု ဝေဖန်ခဲ့ကြဖူးသည်။
“ကျနော့်ကို ဒီစီးပွားရေးလုပ်တာ ရူးတာပဲလို့ပြောတဲ့သူ တော်တော်များတယ်၊ ကျနော်က နိုင်ငံခြားကပြန်လာကာစ ရေထုတ်ရောင်းမယ်ဆိုတော့ အားလုံးက ဟားကြတာပဲ” ဟုမြန်မာပြည်တွင် သောက်ရေသန့် ယဉ်ကျေးမှုကို စတင်သူဟု ဆိုနိုင်သော အိုအေစစ်သောက်ရေသန့်၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ပြောဖူးသည်။
သူက ထိုစဉ်ကထဲက လူများကို ရေရောင်းခြင်းမဟုတ်ဘဲ ကျန်းမာရေးကို ရောင်းစားခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခုအချိန်တွင်တော့ ရန်ကုန်မြို့တမြို့ထဲတွင်တောင် နာမည်ကြီးသောက်ရေသန့် ငါးမျိုးခန့်နှင့် နာမည်မရှိသော သောက်ရေ သန့်စက်ရုံများစွာ ရှိနေပြီ၊ လူတိုင်းလိုလိုလည်း သောက်ရေသန့် ယဉ်ကျေးမှုနှင့် အကျွမ်းတဝင် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောပြသည်။
“နာမည်မရှိဘူးဆိုတာ တကယ်ဗျ၊ ကျနော်တို့ တိုက်ခန်းတွေကို သောက်ရေသန့် လာပို့ရင် ယူသာယူထားလိုက်ရတယ်။ ဘူးပေါ်မှာ ဘာနာမည်မှ ပါမလာဘူး” ဟုထိုသူက ထပ်မံရှင်းပြသည်။ ရန်ကုန်မြို့လယ်တွင် သောက်ရေသန့် စက်ရုံများမှ ကိုယ်စားလှယ်ယူကာ တိုက်ခန်းများသို့ ပြန်လည်ဖြန့်ချိသော လုပ်ငန်းများစွာရှိကြောင်း သိရသည်။
ထိုသို့ပြန်လည်ဖြန့်ချိရာတွင် အလုပ်သမားများထားရှိပြီး ထိုအလုပ်သမားများက စက်ဘီး၊ တွန်းလှည်း များဖြင့် တိုက်ခန်းများ အရောက် ၂၀လီတာဝင်ဘူးကြီးများကို လိုက်လံ ပို့ဆောင်ပေးသည့် စနစ်ဖြစ်သည်။
“ဘူးတွေက တံဆိပ်မပါတာများတယ်၊ တော်တော်များများက ဟောင်းနွမ်းပြီးညစ်ပတ်နေတာပဲ၊ တခါတလေ ရေသန့် လိုက်ပို့တဲ့ ကားတွေပေါ်ကြည့်လိုက်ရင် အလုပ်သမားတွေက ရေသန့်ဘူးတွေကို ခြေထောက်တွေနဲ့ နင်းထား၊ ကန်ထား ကြတာ” ဟု ကျောက်တံတားမြို့နယ်နေ အိမ်ရှင်မ တဦးကပြောပြသည်။
တခါတရံ ရေဘူးအတွင်းပိုင်းတွင် ရေညှိတက်နေခြင်း၊ စည်းပတ်မပါရှိခြင်း၊ ရေများတွင်းအနည်များပါလာခြင်း တတ်ကြောင်း နှင့် ရိုးရိုးဘုံပိုင်ရေ ထည့်ထားသောဘူးများကို ရေသန့်ဘူးများနှင့် ရောချပေးခြင်းခံရတတ်ကြောင်း ရန်ကုန်မြို့လယ်ရှိ ကုမ္ပဏီကြီးတခုမှ သိရသည်။ ထိုကုမ္ပဏီမှာ ဝန်ထမ်းများစွာနှင့်လည်ပတ် နေသောကြောင့် နေ့စဉ် ရေသန့်ဘူးကြီး ဆယ်ဘူးခန့် မှာယူရသည်ဟုဆိုသည်။
၂၀လီတာဝင် ရေသန့်ဘူး တဘူးအတွက် ဘူးခွံအပေါင်ငွေ ကျပ်၃၀၀၀ ဝန်းကျင်ပေးရပြီး ရေသန့်တခါဖြည့်လျင် ကျပ်၃၅၀ ဖြစ်သည်။ ၁လီတာဝင်ဘူးလေးတဘူး ဝယ်သောက်လျင်လည်း ကျပ်၃၀၀ကျမည်ဖြစ်သည်။
“လူတိုင်းလိုလိုကတော့ ခုနောက်ပိုင်းရေဆို ရေသန့်ပဲဝယ်သောက်ကြတာများတယ်၊ သောက်ရေအိုး ဆိုတာ မရှိကြတော့ သလောက်ပဲ၊ အိမ်တိုင်းက ရေအိုးစင်မှာ ရေသန့်ဘူးကြီးတွေက နေရာယူနေပြီ” ဟု ရန်ကုန်မြို့နေ ရေသန့်ဖြန့်ချိသူ တဦးကပြောသည်။
ရေသန့်ဘူးကြီးတဘူးအတွက် အမြတ်ငွေမှာ ကျပ် ၅၀ခန့်သာကျန်သော်လည်း နေ့စဉ် ဘူးအရေအတွက် ၁၀၀ ကျော် ဖြန့်ချိ ပေးနေရသည်ဟု သူကဆိုသည်။ ယခုကဲ့သို့ ခြောက်သွေ့ရာသီတွင် ဘူးအရေအတွက် ပိုမို ဖြန့်ပေး ရပြီး နွေရောက်လျင် မှာသလောက် ရေဘူးများ မရနိုင်ကြောင်း ထပ်လောင်းပြောကြားသည်။
“နွေဆိုရင်တော့ ရေသန့်က ရောင်းမလောက်အောင်ပဲ၊ စက်ရုံကားကလည်း လိုသလောက်ချမပေးနိုင်ဘူး၊ လူတွေ မှာသလောက်ကိုလည်း ကျမတို့ကမပေးနိုင်တော့ဘူး” ဟု၎င်းကပြောသည်။
“တကယ်က ဘူးလေးတွေတဘူးချင်း ဝယ်သောက်တာက ပိုစိတ်ချရတယ်၊ ဒါပေမယ့် ၁လီတာနဲ့၂၀လီတာဈေးက သိပ်မကွာ တော့ ဘူးသေးကို ဘယ်လိုလုပ်ဝယ်သောက်နိုင်ပါ့မလဲ” ဟု ဗိုလ်တထောင် မြို့နယ်တွင်နေထိုင်သူ တဦးကပြောသည်။
ရန်ကုန်မြို့တွင်းသို့ ပိုက်လိုင်းဖြင့် ပေးဝေသောဂျိုးဖြူရေများကို တိုက်ခန်းများပေါ်သို့ ရေစုပ်စက်ဖြင့် ပြန်လည်မောင်းတင် ရရာ မီးမမှန်သောအခါများနှင့် ပိုက်လိုင်းပြင်ဆင်နေချိန်များ၌ ထမင်း၊ ဟင်း ချက်ရန် ရေသန့်ကိုသာ အသုံး ပြုရသည်ဟု သူကပြောသည်။
မီးလာသော အချိန်များကိုစောင့်၍ အိမ်တိုင်းလိုလို ရေခုတ်မောင်းကာ သိုလှောင်ထားရပြီး မီးမလာသည့်အချိန် များတွင် အသုံးပြုကြရသည်။ ထို့အတွက် မီးမလာသည့်အချိန်ဆက်တိုက်ဖြစ်သွားလျင်သော်လည်းကောင်း ရေပိုက် ပြင်ဆင်နေ၍ ရေမရလျင်သော်လည်းကောင်း သုံးရေအတွက်ရေသန့်ကိုသာ အသုံးပြုကြရတော့သည်။
“နွေဆိုရင် ရေသမားကိုပဲ ဖားနေရတာ၊ ဦးပုညပြဇာတ်ထဲမှာပဲ ရေသည်ကဆင်းရဲတာ။ ရန်ကုန်မှာတော့ ရေသန့် ရောင်းတဲ့ သူက သူဌေးပဲ” ဟု ၎င်းကဆက်ပြောသည်။
ရန်ကုန်မြို့တွင်း ရေပေးဝေရာတွင် ဂျိုးဖြူရေလှောင်ကန်နှင့် ငမိုးရိပ်ရေလှောင်ကန်တို့မှ လွှတ်ပေးလိုက်သောရေ များကို ကမ္ဘာအေး ရေကူး ရေတွန်း စက်ရုံတွင် ပေါင်းစပ်ပြီးမှ ကလိုရင်း၊ ကျောက်ချဉ် စသည်ဖြင့်ခတ်၍ ရေသန့် စင်ကာ မြို့တွင်း သို့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်း ရေးဌာနမှ သိရသည်။
ယခင်က ဂျိုးဖြူရေလှောင်ကန်တခုသာရှိပြီး ၂၀၀၇အတွင်းတွင် ငမိုးရိပ်ရေလှောင်ကန် စီမံကိန်း၁ပြီးစီးကာ ရန်ကုန်မြို့တွင်း သို့၎င်းရေလှောင်ကန်မှ နေ့စဉ် ရေဂါလံ၄၅သန်းပေးဝေလျက်ရှိသည်။ ငမိုးရိပ်ရေလှောင်ကန်ကို စီမံကိန်း၁၊ ၂၊ ၃ ဖြင့်ပြုလုပ် လျက်ရှိရာ စီမံကိန်း၂မှာ၂၀၀၈ နှစ်ကုန်တွင်ပြီးစီးမည်ဖြစ်ပြီး စီမံကိန်း၃ပြီးပါက ရန်ကုန် မြို့တွင်းသို့နေ့စဉ်ရေဂါလံ ၁၃၅ သန်းဖြန့်ဝေနိုင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်က သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်မြို့နေလူဦးရေမှာ ၆ သန်းကျော် ရှိသည်။
ရေဖြန့်ဝေပေးရာတွင်ရန်ကုန်မြို့တွင်း မြို့နယ်နှင့် ရပ်ကွက်များကိုသာ ပေးနိုင်ပြီး ဆင်ခြေဖုံးရပ်ကွက်များနှင့် မြို့သစ်များ သို့ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။ သာကေတမြို့နယ်အတွင်းနေထိုင်သူ အများစုမှာ ၎င်းမြို့နယ်အတွင်းရှိ ရေကန်ကြီးများမှ ရေများကိုသာ အားကိုး အားထားပြု သုံးစွဲနေရပြီး လူနည်းစုသာ အဝီစိ တွင်းရေကိုသုံးနိုင်ကြသည်ဟု ဒေသခံတဦးကပြောသည်။
“တနေ့ရေဂါလံ ဘယ်လောက်ဖြန့်တယ် ဘာညာပြောနေပေမယ့် မီးမလာရင် ရေပါမရနိုင်ဘူးလေ၊ ခြောက်သွေ့ ရာသီရောက် လာလေ ရေဒုက္ခပိုကြီးလေပါပဲ” ဟုကျောက်မြောင်းတွင်နေထိုင်သူတဦးကပြောပြသည်။ ၎င်းတို့ရပ် ကွက်အတွင်း၌ မီးဆက် တိုက်ပျက်လျင် တရုတ်မီးစက်ကလေးများ သယ်ဆောင်၍ အိမ်တိုင်ရာရောက် ရေလိုက် လံ ခုတ်မောင်းပေးသူများကို အားကိုးရကြောင်းနှင့် အထပ်မြင့်လျင်မြင့်သလို ရေတင်ခ ပိုမိုဈေးကြီးကြောင်း ဆက်ပြောပြသည်။
မြောက်ဒဂုံမြို့နယ် ဆင်းရဲသားရပ်ကွက်များနှင့် လှိုင်သာယာမြို့နယ် အစွန်အဖျားရပ်ကွက်များကို ဂျိုးဖြူပိုက်မှရေ မရောက် နိုင်သောကြောင့် အသုံးပြုရသည့် အဝီစိတွင်းရေများမှာ သံဓာတ်အလွန်များပြီး ထမင်းဟင်းချက်ပြုတ်၊ ရေနွေးကြို၍ မရနိုင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
“ထမင်းချက်ရင် ထမင်းက သံချေးရောင်၊ ရေနွေးကြိုရင်လည်း ရေနွေးက အနီရောင်ကြီးဖြစ်နေတယ်။ ကျနော်တို့ က ရေသန့်တဘူး သုံးလေးရာ ဝယ်မသုံးနိုင်တော့ ဂျိုးဖြူပိုက်မီတဲ့သူတွေ ပြန်ရောင်းတဲ့ရေကို ငါးဂါလံပုံးတပုံးကျပ် ၁၀၀နဲ့ ဝယ်သုံးတယ်” ဟု လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူ တဦးကပြောသည်။
ထိုကဲ့သို့ ဂျိုးဖြူပိုက်ရေကို ပြန်ဝယ်သုံးကြရာ ရေသန့်ရောင်းသူများ အလုပ်မဖြစ်သောကြောင့် ရဝတသို့တိုင်ကြား သဖြင့် ဂျိုးဖြူရေရောင်းစားသူများကို ရဝတ လူကြီးများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဝင်များက ခြိမ်းခြောက် ပိတ်ပင်ကြသည်ဟုဆိုသည်။
“ရေသန့်ကတော့ ဘယ်လိုမှ ဝယ်မသုံးနိုင်ဘူး အဲဒါနဲ့ ဂျိုးဖြူရေရောင်းတဲ့သူကို ညဘက်မှာ တိတ်တိတ်ခိုးရောင်း ခိုင်းရတယ်” ဟု ၎င်းကဆက်ပြောသည်။
ယုဇနဥယျာဉ်မြို့တော်ရှိတိုက်ခန်းများတွင်လည်း အသုံးပြုထားသည့်ရေတိုင်ကီများ စံချိန်မမီသဖြင့် ရေပိုက်မှလာသော ရေများမှာ သံချေးရေများ ဖြစ်နေရာသုံးရေအတွက် ရေသန့်ကိုသာ အားကိုးနေရကြောင်းလည်း သိရသည်။
ခြောက်သွေ့ရာသီတွင် ရေရှားပါးမှုကြောင့် ရန်ကုန်မြို့စွန်နေပြည်သူများ အခက်အခဲ ဖြစ်ရသကဲ့သို့ မိုးရာသီတွင်လည်း မသန့်ရှင်းသောရေများကြောင့် ဝမ်းရောဂါများဖြစ်ပွားရကြောင်း ဒဂုံမြို့သစ်တွင် ဆေးခန်းဖွင့်ထားသော ဆရာဝန်တဦးက ပြောသည်။
“မိုးတွင်းမှာ ရေကတချိန်လုံးဝပ်နေတော့ အဝီစိတွင်းရေတွေ မသန့်တော့ဘူး၊ အဲဒီရေတွေပဲ သောက်ကြသုံးကြတော့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ တော်တော်ဖြစ်ကြတယ်” ဟု ၎င်းဆရာဝန်ကပြောပြသည်။ ၎င်း၏လူနာများ ကို ရေသန့် သောက်ရန် ပညာပေးသော်လည်း အများစုမှာ ရေသန့်ဝယ်မသောက်နိုင်သော လူတန်းစားများ ဖြစ်သည်ဟု ဆို၏။
၂၀၀၄ ခုနှစ်၊ ဇွန်လမှစ၍ ရန်ကုန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် PSI က သောက်ရေသန့် ဆေး (Water guard) ဘူးများကို ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း နှင့် ရခိုင်ပြည်နယ်တို့ အတွက် အဓိကထားဖြန့်ချိခဲ့ကြောင်း သိရသည်။ ၎င်းဆေးဘူးတဘူးကို တဘူးချင်း ကျပ်၃၅၀၊ ဖြန့်ဈေး ကျပ်၂၇၀ဖြစ်ပြီး ဆေးဘူးတဘူးကို ရေဂါလံ ၂၂၀ (တိုင်ကီ၎လုံး)စာ ဖျော်စပ်သုံးနိုင်ကြောင်း PSI မြန်မာ မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
“အဓိကကတော့ ဝင်ငွေနည်းတဲ့ လူတန်းစားတွေအတွက်ပါ၊ ဒီဆေးနဲ့ဖျော်ထားတဲ့ရေကို သောက်သုံးဖို့တင်မကဘူး။ အသီးအရွက်ဆေးတာ၊ ပန်းကန်ဆေးတာ၊ လက်ဆေးတာ တွေလုပ်နိုင်တယ်၊ ရေထဲမှာ ပါလာနိုင်တဲ့ ဝမ်းရော ဂါပိုးတွေ အသည်းရောင်အသားဝါပိုးတွေ သတ်ပြီးသားဖြစ်မယ်” ဟု၎င်းကပြောသည်။
၎င်းရေသန့်ဆေးရေသည် ကလိုရင်းအနံ့ အနည်းငယ်နံသောကြောင့် အသုံးပြုလိုသူနည်းပါးသည် ဟုဆိုသည်။ အထူးသဖြင့် ရန်ကုန်နေသူတို့မှာ ရေသန့်သောက်သုံးနေကြဖြစ်သောကြောင့် ၎င်းဆေးကို စိတ်ဝင်စားမှု နည်းပါးသေးကြောင်း ပြောပြသည်။
ရန်ကုန်မြို့တွင် လူတိုင်းရေသန့်ကို ဝယ်မသောက်နိုင်သေးသောကြောင့် လမ်းဘေးရေခဲရေသည်များ အလုပ် ဆက်ဖြစ်နေ ဆဲဟု ဝယ်သောက်နေဆဲ မြို့ခံတဦးကပြောသည်။
“လမ်းသွားရင်းရေငတ်လို့ ရေသန့်ဘူး ဝယ်သောက်ဖို့ဆိုတာ မလွယ်ဘူး ဒီတော့ မသန့်မှန်းသိပေမယ့်လည်း ရေခဲရေတခွက် ကျပ်၅၀နဲ့ ဝယ်သောက်ကြတယ်” ဟု၎င်းကပြောသည်။
ရန်ကုန်တွင်နေထိုင်သူများအနက် အမှန်တကယ်သန့်ရှင်းသည်မှာ သေချာသော သောက်ရေသန့် ၁လီတာဝင်ဘူးသေးကို ပုံမှန်ဝယ်သောက်နိုင်သူမှာ လူနည်းစုသာရှိပြီး အများစုမှာ မသန့်ရှင်းသောရေနှင့် သန့်မသန့်မသေချာသော ၂၀ လီတာဝင် ဘူးကြီးများကိုသာ သောက်သုံးနေရခြင်းဖြစ်ကြောင်း သူကဆက် ပြောသည်။
အချုပ်အားဖြင့် မြန်မာလူထုအတွက် ရေသန့်ဆိုသည်မှာ ရှားပါးပစ္စည်းတမျိုးဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံ ကြားနှစ်ခုတွင် ပြသနေသော ကြော်ငြာတခုက သက်နေပြနေတော့သည်။
ယင်းကြော်ငြာတွင် တရုတ်ပြည် အရပ်ရပ်သို့ရောက်နေသော မြန်မာမော်ဒယ်ရှစ်ဦးက ဆုံရပ်သို့အပြေးရောက်လာ၍ ရေခဲပြင်အောက်၌ မြုပ်နေသောမီးခံသေတ္တာကို ပါလာသည့်သော့ ရှစ်ချောင်းဖြင့် တပြိုင်နက်ဖွင့်လိုက်မှ ပွင့်သွားပြီး အထဲမှ ရေသန့်ဘူးများထွက်လာကြောင်းကို ရိုက်ကူးတင်ပြထားပါသည်။ ။ [Top] |