#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

“ခေါင်းမရှိတဲ့ ခေါင်းဆောင်
ကျော်စွာမိုး၊ ဘန်ကောက် | ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈

မြန်မာလူရွှင်တော်များ၏ နိုင်ငံရေး ပြက်လုံးများက ပြည်သူများ၏ အတွေးများကို ကိုယ်စားပြုနေပြီး အုပ်ချုပ်သူများ မည်ကဲ့သို့ ကြောက်လန့်တကြား ဖြစ်နေသည်ကို ဖော်ပြနေသည်။


(ဓာတ်ပုံ - ဧရာဝတီ)

“ခြေထောက်မရှိတဲ့ အမေရိကန် လူမျိုးတယောက်ဟာ ဧ၀ရက်တောင်ကိုတောင် ရောက်အောင်တက်နိုင်တယ်” ဟု အမေရိကန် သမ္မတက နိုင်ငံခေါင်းဆောင်များ တက်ရောက်သော အစည်းအဝေးတခုတွင် ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့သည်။ ရုတ်ချည်းပင် ရုရှသမ္မတက “လက်မရှိတဲ့ ရုရှလူမျိုးတယောက်ဟာ အန္တလန်တိတ် သမုဒ္ဒရာကိုတောင် လက်ပစ် ဖြတ်ကူး နိုင်တယ်” ဟု တုံ့ပြန်လိုက်သည်။

တခြားသော ကမ္ဘာ့ခေါင်းဆောင်များမှာ ၎င်းနိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ အပြောအောက်တွင် တခွန်းမှ မဟနိုင်ဘဲ အံ့သြ မင်တက်နေကြသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်က အခြေအနေကို ၀င်ရောက် ကယ်တင်လိုက်သည့် အနေဖြင့် အောက်ပါအတိုင်း ပြောလိုက်လေသည်။

“ကျုပ်တို့နိုင်ငံမှာ ခေါင်းမရှိတဲ့သူက တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်နိုင်တယ်ဗျ”

ယင်းပြက်လုံးမှာ ဇန်န၀ါရီလက ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် တင်ဆက်ကပြသည့်ပွဲ၌ ပရိတ်သတ်ဝက်ဝက်ကွဲအားပေး ခဲ့သော နာမည်ကျော် လူရွှင်တော် ဂေါ်ဇီလာ၏ ပြက်လုံးတခု ဖြစ်သည်။

ထိုကဲ့သို့သော ပြက်လုံးများက မြန်မာစစ်အစိုးရကို စိတ်ကသိကအောက်ဖြစ်စေပြီး လူရွှင်တော်များကို ထောင်ဒဏ် အပြစ် ပေးသည်အထိ ဖြစ်စေနိုင်သည်။

သို့သော် ဆေးရောင်စုံနှင့် သီးလေးသီးဟု ခေါ်သော မြန်မာ့ရိုးရာ အငြိမ့်သဘင်မှ လူရွှင်တော် ငါးဦးကမူ အာဏာရ ဗိုလ်ချုပ်ကြီးများ နှစ်သက်သည်၊ မနှစ်သက်သည်ကို ဘေးချိတ်ကာ ထိုကဲ့သို့သော ပြက်လုံးများ ဆက်ထုတ်နေဆဲ ဖြစ်သည်။

ဆေးရောင်စုံနှင့် သီးလေးသီး (စိန်သီး၊ ပန်းသီး၊ ကြယ်သီးနှင့် ဆီးသီး လူရွှင်တော်လေးဦးကို ရည်ညွှန်း၍ ခေါ်ဆိုခြင်း ဖြစ်သည်) အငြိမ့်အဖွဲ့သည် ဇန်န၀ါရီလတွင် မလေးရှား၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေခဲ့ကြပြီး အနောက် နိုင်ငံများတွင် ဖျော်ဖြေရန်အတွက်လည်း ဖိတ်ကြားခံထားရသည်။

အသက် လေးဆယ်တန်းရှိနေပြီ ဖြစ်သော ဂေါ်ဇီလာနှင့် အသက်သုံးဆယ် အရွယ်တန်းရှိ သီးလေးသီး အဖွဲ့ဝင်များသည် လွန်ခဲ့သော စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့်ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့မှု၊ စစ်အစိုးရ၏ အကျင့်ပျက် ခြစားမှု၊ လျှပ်စစ်ဓာတ်အားချို့တဲ့မှုနှင့် ၂၀၀၈ ခုနှစ်တွင် တိုင်းပြည်အတွင်း အပြောင်းအလဲ ဖြစ်လာနိုင်ခြေများကို အဓိကထား၍ ပြက်လုံးများ ထုတ်ကြသည်။ ပြက်လုံးများသည် လူရွှင်တော်များ အတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရန် လုံလောက်ရုံမျှမက လိုတာထက်ပင် ပို၍နေပေသေးသည်။

“ဘန်ကောက်ပွဲပြီးရင် ကျနော်တို့က စင်ကာပူ၊ တောင်ကိုးရီးယား၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ အဲဒီလိုတခြား နိုင်ငံတွေမှာ သွားရောက် ဖျော်ဖြေဖို့ ရှိပါတယ်။ အဲဒီနိုင်ငံတွေအားလုံးပြီးရင်တော့ ကျနော်တို့ မော်စကိုမှာ ဆက်လက်ကပြဦးမှာပါ” ဟု ဇာတ်စင်ပေါ်တွင် ဂေါ်ဇီလာက အရွှန်းဖောက်၍ပင် နောက်လိုက်သေးသည်။

ပရိတ်သတ်က အလွန်ပွဲကျသွားသည်။ မြန်မာနိုင်ငံတွင် “မော်စကို” ဆိုသည်မှာ ထောင်ကို ရည်ညွန်းပြောဆိုခြင်း ဖြစ်သည်။

တကယ်တမ်းတွင် ဂေါ်ဇီလာနှင့် သီးလေးသီးသည် လွန်ခဲ့သော နိုဝင်ဘာလက ရန်ကုန်မြို့၌ စစ်အစိုးကို အာခံကာ အားအင် အပြည့်ပါသော အံ့အားသင့်စရာ အငြိမ့်ပွဲတခုတွင် သတ္တိပြောင်မြောက်စွာ နိုင်ငံရေးပြက်လုံးများကို ပြက်ခဲ့သည်။ ယင်းအငြိမ့် ပွဲသည် စစ်အစိုးရက ဆန္ဒပြပွဲများကို ရက်စက်စွာ ချေမှုန်းနှိမ်နှင်းပြီးနောက်ပိုင်း တလအကြာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဂေါ်ဇီလာ၊ ကင်းကောင်၊ ကျော်ထူးနှင့် သီးလေးသီးစသော နာမည်ကြီးလူရွှင်တော်များသည် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် နိုင်ငံရေးပြက်လုံးများဖြင့် ကပြအသုံးတော်ခံခဲ့သည်။ စင်ပေါ်မတက်ခင်တွင် နိုင်ငံရေးပြက်လုံးများ မပြက် ပါဟူသော သဘောတူညီချက်တခုကို လက်မှတ်ထိုးရန် ၎င်းတို့အား အာဏာပိုင်များက တောင်းဆိုခဲ့သည်။ သို့သော်လည်း အချည်းနှီးပင်။

၎င်းတို့၏ ပြက်လုံးများသည် ဆန္ဒပြပွဲများကို ဖြိုခွင်းမှုများနှင့် ဆန္ဒပြသံဃာတော်များအား ဖမ်းဆီးခြင်းများကို အဓိက ပစ်မှတ် ထားခဲ့သည်။ ၁၉၈၈ ခုနှစ် လက်ရှိ စစ်အစိုးရက အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ နှစ် ၂၀ အတွင်း ထိုကဲ့သို့သော လူထု ဖျော်ဖြေပွဲမျိုးမရှိခဲ့ဘူးသဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

၎င်းတို့အငြိမ့်ပွဲ ဗီစီဒီအခွေသည် အချိန်အနည်းငယ်အတွင်း လူကြိုက်များသော အခွေတခွေဖြစ်လာခဲ့ပြီး အာဏာပိုင်များက ပြသခွင့်ကို ပိတ်ပင်ခဲ့သည်။ ယင်းဗီစီဒီအခွေသည် အချိန်တိုတိုအတွင်း နိုင်ငံနယ်နမိတ်မျဉ်း၏ ပြင်ပသို့ ကျော်၍ ခြေဆန့်သွား ခဲ့သည်။ ထို့နောက် နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်နေကြသော မြန်မာအသိုင်းအ၀န်းက လူရွှင်တော် အဖွဲ့ကို ကပြ ဖျော်ဖြေရန် ဖိတ်ကြားခဲ့သည်။

ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့် နိုင်ငံရေးအကြပ်အတည်းနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စရပ်များ အပြင် နိုင်ငံအ၀န်း ဖြစ်ပျက်နေသော ခြစားမှုများနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင်ဂမ်ဘာရီကိုပင် မချန်ပြက်လုံးထုတ်ခဲ့သည်။

ထိုပြက်လုံးသည် လူကြိုက်အများဆုံးဖြစ်ခဲ့ပြီး လူရွှင်တော်နှစ်ဦးဖြစ်သော စိန်သီးနှင့် ပန်းသီးက ဂမ်ဘာရီနှင့် မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ပုံစံတူ သရုပ်ဆောင်ခဲ့သည်။

ဤအစည်းအဝေးတွင် ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် ဂမ်ဘာရီတို့က တဦးနှင့်တဦး မည်ကဲ့သို့ အပြုသဘောဆောင်စွာ ဆွေးနွေး ညှိနှိုင်းရမည်ကို ပြောဆိုနေကြသည်။ ကမ္ဘာအနှံ့ ခရီးဆန့်နေသူ ဖြစ်သောကြောင့် ဗိုလ်မှူးချုပ်ကျော်ဆန်း ဘာလုပ်လာမည် ကို သူသိကြောင်း ဂမ်ဘာရီက ဆိုသည်။ “ဒီကောင် မြန်မာပြည်အကြောင်း ဘာမှမသိပါဘူး” ဟု ဗိုလ်မှူးချုပ် ကျော်ဆန်းက တကိုယ်တည်း တီးတိုးပြောနေသည်။

ထို့နောက် ဗိုလ်မှူးချုပ် ကျော်ဆန်းက ကြမ်းပြင်ကို လက်ညှိုးထိုးကာ “ဟိုမှာကြည့်စမ်း ဒေါ်လာတွေ၊ ဒေါ်လာတွေ” ဟု အော်လိုက်သည်နှင့် “ဒေါ်လာဆိုရင်တော့ သိပ်ကြိုက်တာပဲ” ဟု ဂမ်ဘာရီကဆိုရင်း ကမန်းကတန်းကုန်းကာ ပိုက်ဆံကို ကောက်လိုက်သည်။

ထိုအချိန်တွင် ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီ၏ကျောကို ပိတ်ကန်လိုက်ကာ “အဲဒါမြန်မာကွ” ဟု တဟားဟားနှင့် ရယ်မောရင်းပြောလိုက်လေသည်။

ဇာတ်ခုံအောက်တွင် ဂမ်ဘာရီပုံ သရုပ်ဆောင်သော စိန်သီးက “ အဲဒီပြက်လုံးကတော့ ကျနော်သဘောအကျဆုံး ပြက်လုံး တခုပါ။ ဒီပြက်လုံးက တကယ့်လက်တွေ့ အခြေအနေပဲဗျ။ သူရဲ့မစ်ရှင်ကို ကျနော်တော့ မယုံဘူး။ သူ့ခရီးစဉ်တွေကနေ ဘာရလဒ်မှ မည်မည်ရရ ရမလာသေးဘူး” ဟု ဧရာဝတီမဂ္ဂဇင်းကို ပြောပြခဲ့သည်။

ဂေါ်ဇီလာကလည်း “ကျနော်တို့ လူရွှင်တော်တွေ ဆိုတာက ပြည်သူရဲ့ ကိုယ်စားလှယ်တွေပါ။ ပြည်သူ့ကိုယ်စား ကျနော်တို့က ပြက်လုံးတွေ ထုတ်နေကြတာပါ” ဟု ဆိုသည်။

မြန်မာ့ သမိုင်းတလျှောက်လုံးတွင် လူရွှင်တော်များက ဘုရင်များနှင့် နန်းတွင်းတော်ဝင်မိသားစု၊ မှူးကြီးမတ်ရာများ ရှေ့တွင် ၎င်းတို့ အုပ်ချုပ်ရာ တိုင်းပြည်အတွင်း၊ အထူးသဖြင့် ကျေးလက်ဇနပုဒ်များတွင် မည်သို့ ဖြစ်ပျက်နေသည်ကို ပြက်လုံးများ ထုတ်ကြသည်။ ထိုကဲ့သို့သော ဓလေ့သည် လူထုစိတ်ခံစားချက်များကို တင်ပြသော ပုံစံတမျိုး ဖြစ်ခဲ့သည်။

“လူရွှင်တော်ဆိုတာ တနိုင်ငံလုံး လှည့်သွားနေတာဆိုတော့ လူထုရဲ့ခံစားချက်တွေကို သိတယ်လေ” ဟုဂေါ်ဇီလာက ပြောသည်။ ရှေးပဝေသဏီက ဘုရင်များသည် ပြက်လုံးများကို သဘောကျကြပြီး ၎င်းတို့၏ လုပ်ရပ်အမှားများ ရှိလာပါက လည်း ယင်းပြက်လုံးများအပေါ်တွင် အခြေခံ၍ အရေးယူ ပြုပြင် ဆောင်ရွက်ကြသည်။

“အရင်အချိန်ကလိုပါပဲ၊ ကျနော်တို့လည်း အလွှာပေါင်းစုံ လူတွေဆီကနေ ပြက်လုံးတွေကို စုဆောင်းကြပါတယ်။ စင်ပေါ်မှာ ပြက်လုံးထုတ်ဖို့ အကြောင်းအရာလေးတွေကို တခါတလေ လူတွေက ကျနော်တို့ကို လာပေးတတ်ပါတယ်” ဟု ဂေါ်ဇီလာက ပြောသည်။

အငြိမ့်သဘင်ဆိုသည်မှာ ပြည်သူလူထု၏ သောကဒုက္ခများကို ဖြေဖျောက်ပေးနိုင်သည့် ဖျော်ဖြေမှု ပုံစံတခုဖြစ်ပြီး ပြက်လုံး များက ခေါင်းဆောင်များကို မျက်စိဖွင့်၊ နားဖွင့်ပေးနိုင်ကြသည်ဟု သူကဆက်ပြောပြသည်။

သို့သော် နိုင်ငံရေးပြက်လုံးများပြောဆိုသော လူရွှင်တော်များကို မြန်မာစစ်ဗိုလ်ချုပ်များက ရန်သူအဖြစ် သတ်မှတ်ထားကြ သည်။ လက်ရှိ စစ်အစိုးရ အာဏာရယူချိန် မှစ၍ လူရွှင်တော် ဇာဂနာနှင့် ပါပါလေးသည် အကြိမ်ပေါင်းများစွာ ထောင်ကျ ခဲ့ပြီး စက်တင်ဘာ အရေးအခင်းကာလတွင်လည်း တလကြာမျှ ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။

စက်တင်ဘာ အရေးအခင်းမတိုင်ခင် ကာလများတွင်လည်း သူတို့နှစ်ဦးစလုံး နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရသည်။ ဇာဂနာ သည် သူ၏ နိုင်ငံရေးအရ ထိုးနှက်ချက်ပြင်းသော သရော်ကွက်များကြောင့် နိုင်ငံတကာ၏ လေးစားခြင်းကို ခံရသူလည်း ဖြစ်သည်။ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) မှ ဖွဲ့စည်း ထားသော ကော်မတီ ဖြစ်သည့် လွတ်လပ်စွာထုတ်ဖေါ်ခွင့် (Fund for Free Expression)  ကသူ့အား လီလီယန် ဟဲမင်းနှင့် ဒက်ရှ်ဟီးလ် မမ်မက်ဆု (Lillian Hellman and Dashiel Mammett Award) ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

“အာဏာရှင်အစိုးရ လက်အောက် ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ကိုဇာဂနာက လူငယ် လူရွှင်တော်တွေ အတွက် လမ်းသစ်တခုကို ဖွင့်ပေးခဲ့ပါတယ်” ဟု ဂေါ်ဇီလာက ပြောပြသည်။

ဂေါ်ဇီလာနှင့် သီးလေးသီးအဖွဲ့သားများသည် ၎င်းတို့၏ရှေ့ဆောင်လမ်းပြဆရာများဖြစ်သော ဇာဂနာနှင့် ပါပါလေးတို့ကဲ့သို့ အလားတူ ပြင်းထန်သောနှစ်ရှည်ထောင်ဒဏ်များကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသော်လည်း နိုင်ငံရေးပြက်လုံးများကို ဆက်လက် ထုတ်ဖော် ဖြန့်ဝေနေမည်ဟု သံန္နိဌာန် ချထားကြပြီး ဖြစ်သည်။

“ကျနော်တို့ အိမ်အပြန်ခရီး ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတယ် ဆိုတာတောင်မှ ကျနော်တို့ ပြက်လုံးတွေ ဆက်ထုတ်နေမှာ ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က လူရွှင်တော်တွေ ဖြစ်လို့ပါ။ ကျနော်တို့ တဘ၀စာလုံး လူရွှင်တော်ပဲ ဖြစ်ချင်ပါ တယ်” ဟု စိန်သီးက ပြောပြခဲ့သည်။

“ဒီဘ၀မှာတင် မဟုတ်ပါဘူး၊ နောက်ဘ၀မှာလဲ လူရွှင်တော် ဆက်လုပ်နေမှာပဲ” ဟုသူက ပြောသည်။ “ ပြည်သူတွေ ပျော်ရွှင် စေဖို့ ကျနော်တို့ ပြက်လုံးတွေ ထုတ်ချင်ပါတယ်” ဟုလည်းဆိုသည်။

ကျော်စွာမိုး ရေးသားသည့် A Man Without A Head Can Run Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.