#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

ကာလရှည်ကြာ အဖြေမတွေ့သေးသည့် အမေးပုစ္ဆာ
ဝိုင်အိုလက်ချို၊ ရှားဖောင် | ဖေဖော်ဝါရီ ၁၂၊ ၂၀၀၈

မြန်မာနိုင်ငံကို လှုပ်ခတ်သွားစေခဲ့သော စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြီးဆုံးသွားခဲ့သည်မှာ ငါးလနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် အဓိပ္ပာယ်ရှိရှိ အဖြေပေးရန် အဓိက မေးခွန်းတခု ကျန်ရှိနေပါသေးသည်။ ထိုမေးခွန်းမှာ ရန်ကုန်နှင့် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသူများကို အထောက်အပံ့ ဖြစ်စေရန်အတွက် တိုင်းရင်း သား လူမျိုးစုများအနေနှင့် ဤမျှထက်မက ပို၍ မဆောင်ရွက်နိုင်ကြတော့ပြီလော ဟူ၍ ဖြစ်သည်။

မြို့ကြီးများ၏ လမ်းမများပေါ်တွင် သံဃာတော်များနှင့် လူထုတို့ ဆန္ဒပြနေကြစဉ်အချိန်က ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) နှင့် ရှမ်းပြည်တပ်မတော် (SSA-S) တို့က အနည်းဆုံး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အစိုးရ တပ်ရင်းတပ်ဖွဲ့များကို ထိန်းထားနိုင်ရန်အတွက် ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ကြလိမ့်မည်ဟု တချို့မျှော်လင့်နေ ခဲ့ကြသည်။ ရန်ကုန်မြို့ ဆန္ဒပြမှုများကို အပြင်းထန်ဆုံး နှိမ်နင်းနေချိန်တွင် ကရင်ပြည် နယ်မှတပ်များကို အကူတပ်များ အဖြစ် ဆင့်ခေါ်ခဲ့သည်ဟု သတင်းများကဖော်ပြခဲ့သည်။

ဆန္ဒပြပွဲ အစပိုင်းတွင် ကရင်အမျိုးသားတို့၏ အခွင့်အရေးအတွက် နှစ်ပေါင်း ၆၀ကျော် တိုက်ပွဲဝင်နေခဲ့သော ကရင် အမျိုးသား အစည်းအရုံး (KNU) က ဆန္ဒပြတောင်းဆိုသူများအား တတ်နိုင်သည့် နည်းလမ်းများဖြင့် အကူအညီပေးရန် ပြင်ဆင်နေပါသည်ဟု ကနဦးကတည်းကပင် ကြေညာခဲ့သည်။ သို့သော် လက်တွေ့တွင်မည်သည့်စစ်ရေးလှုပ်ရှားမှု တခုမျှ အကောင်အထည် ပေါ်မလာခဲ့ပါ။

ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) မှ သုတေသီ တဦးဖြစ်သည့် ဦးဌေးအောင်က တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဤသို့ အရေးယူတုံ့ပြန်နိုင်ရန်အတွက် ဗျူဟာမြောက်သည့် အနေအထားတွင် မရှိကြဟု ထောက်ပြခဲ့ပါသည်။ ဤအဖွဲ့အစည်းများတွင် အဆင်သင့် ပြင်ထားခြင်း မရှိသည့်အပြင် ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနှင့် အလားတူ အကြပ်အတည်း အခြေအနေမျိုးအတွက် မဟာ ဗျူဟာများ ချမှတ်ပြင်ဆင်ထားခြင်းလည်း မရှိဟု ပြောသည်။

မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာကမူ “နယ်စပ်ဒေသတွေမှာ ရှိနေကြတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ အိမ်နီးချင်း ထိုင်းအစိုးရရဲ့ အတည်ပြုချက် မရဘဲနဲ့ တခုခု ၀င်လုပ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ဆိုခဲ့သည်။

သို့သော် ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လှုပ်ရှားခဲ့ ကြသည်။ ဆန္ဒပြပွဲများတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ ပြယုဂ်အဖြစ် ဦးဆောင်ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ဇိုမီး အမျိုးသား ကွန်ဂရက်မှ ဦးကျင့်ရှင်းထန်နှင့် ချင်းခေါင်းဆောင် ဦးထောင်ကိုထန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသာဘန်းတို့ ဦးဆောင်ပါဝင်ခဲ့ကြသည်။

သို့သော် ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲသည် နိုင်ငံဒေသ အနှံ့အပြားမှ ထောက်ခံမှု၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ ထောက်ခံမှု အပြည့်အ၀မရခဲ့သော “မြို့ပြ လူထုဆန္ဒပြပွဲ” တခုအဖြစ် သမိုင်းမှတ်တမ်းများတွင် ပါဝင် သွားတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေး၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စများကို လွတ်လပ်စွာ အထူးပြု လေ့လာသုတေသန ပြုနေသူ အက်ရှ်လေ ဆောက်သ်ကမူ စက်တင်ဘာ ဆန္ဒပြ ပွဲတွင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် အခြားလူမျိုးစုအဖွဲ့များ၏ မည်ကာမတ္တ ပါဝင်မှုကို ကြည့်ပြီး မြန်မာနိုင်ငံ၏ လူမှု ရေးနှင့် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများအတွက် လူမျိုးစုများ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု မရှိကြဟုယူဆ၍မရကြောင်း ပြောသည်။ “သူတို့က တခါတရံမှာ မတူကွဲပြားတဲ့ နည်းလမ်းတွေကို ရွေးချယ် အသုံးပြုလေ့ရှိကြတာမျိုးပါ” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာက လူမျိုးစု အဖွဲ့အစည်းများအတွင်း စုစည်း ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း သဘောတူမှတ်ချက် ပြုခဲ့သည်။ “ဒါပေမယ့် ကျနော်တို့က ကျနော်တို့ လူမျိုးစုအဖွဲ့အစည်းတွေကြားမှာ ညီညွတ်ရေးတည်ဆောက်ဖို့ ကြိုးစားနေဆဲပါ။ ကျနော်တို့မှာ အားနည်းချက်တွေရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ ပိုပြီးကြိုးစားကြရမှာပါ” ဟု သူကပြောခဲ့သည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင်းက ဖဒိုမန်းရှာ၏ မှတ်ချက်ကို သဘော တူကြောင်း ပြောသည်။ “တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေအားလုံး စုစည်းညီညွတ်ကြပြီး ကျနော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့က အရေးကြီးပါတယ်” ဟု သူကပြောသည်။

သို့သော် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော လူထုအုံကြွမှု ပြီးစဉ်ကတည်းက အာဏာသိမ်းယူခဲ့သော စစ်အုပ်စု၏ သွေးခွဲ အုပ်ချုပ်မှု အောက်တွင် ညီညွတ်ရေးကို ရယူတည်ဆောက်ရန်မှာ မလွယ်ကူလှပါ။

၁၉၈၉ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး အမျိုးမျိုးသော လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များက စစ်အစိုးရနှင့် တသီးတခြားစီ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူခဲ့ကြပါသည်။ ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ရှမ်း၊ ကချင်၊ ပအို့ဝ်၊ ပလောင်၊ ကယန်း၊ ကရင်နီ၊ မွန်နှင့် ကရင် လက်နက်ကိုင်အဖွဲ့အစည်းများအား အထူးအခွင့်အရေးများ ပေး ပြီး ရယူသွားခဲ့ခြင်း ဖြစ်သည်။ တချိန်က မြောက်ပိုင်း ရှမ်းပြည်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုက်ခိုက်ရေးအင်အား ဖြစ်ခဲ့သော အင်အားတောင့်တင်းသည့် ၀ပြည် တပ်မတော်သည်လည်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုး ခဲ့ရပါသည်။

ဆောက်သ်က “လူမျိုးစုတပ်ဖွဲ့တွေဟာ စစ်အစိုးရနဲ့ သဘောတူညီချက် ရယူထားပေမယ့် တသဘောတည်း ဖြစ်နေကြတာ မဟုတ်ပါဘူး။ အဓိကအားဖြင့် စီးပွားရေး အကျိုးအမြတ်တွေ၊ သူတို့တတွေရဲ့ နယ်မြေဒေသ စိုးမိုးမှုနဲ့ သြဇာလွှမ်းမိုးမှု အနေအထားတွေကို ဆက်လက် ထိန်းသိမ်းထားလိုတာကြောင့် အဓိကတွန်းအားပေး ခံနေရတာပါ” ဟု ပြောသည်။

ကေအန်ယူ အဖွဲ့မှ ခွဲထွက်သွားခဲ့သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)၊ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ကဲ့သို့သော အပစ်ရပ် အဖွဲ့များသည် မော်တော် ကား မှောင်ခိုတင်သွင်းခြင်း၊ သစ်ထုတ်ခြင်းနှင့် ဓာတ်သတ္တု ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများတွင် ပါဝင်ပတ်သက် လုပ်ကိုင် ခွင့်ရခဲ့သည်။ ၀ အုပ်စုမှာ မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ခြင်း လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည် ဟု လူသိများပြီး DKBA တပ်ဖွဲ့ဝင်များမှာလည်း အသေးစား မူးယစ်ဆေးဝါးထုတ် စက်ရုံများ လည်ပတ်ဆောင်ရွက်ခွင့်ရနေ ခဲ့သည်။

ဤသို့ မတူကွဲပြားသော အကျိုးစီးပွားများကြောင့် ၎င်းတိုင်းရင်းသား လူမျိုးစု အဖွဲ့များကြားတွင် အဆက်အစပ် မဲ့နေရခြင်း ဖြစ်ကာ ထိုအချက်ကိုပင် စစ်အစိုးရက အကြိုက်တွေ့နေပြီး လူမျိုးကွဲပြားမှုနှင့် မညီမညွတ်မှုများ ရှိလေလေ စစ်အစိုးရက ထိန်းချုပ်ရန် လွယ်ကူလေလေ ဖြစ်စေခဲ့သည်။

ထိုသို့ အမြဲတမ်း ဖြစ်နေခဲ့သည်တော့ မဟုတ်ပါ။ ကိုလိုနီအုပ်စိုးမှုမှ မလွတ်မြောက်ခင် ကာလများကတည်းက မြန်မာ နိုင်ငံကို အတိုင်းအတာ တခုအထိ ညီညွတ်ရေးရအောင် တည်ဆောက်ခဲ့ကြဖူးသည်။့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်း၊ ကချင်နှင့် ချင်းလူမျိုးစုများက ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ပင်လုံစာချုပ်ကို သဘောတူညီ လက်မှတ် ရေးထိုးခဲ့ကြ သည်။ ထိုစာချုပ်သည်ပင် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပန်းတိုင်ဆီသို့ ဦးတည်သွားစေခဲ့ပါသည်။

သို့သော်လည်း များစွာသောလူမျိုးစုများက သူတို့သည် ပင်လုံစာချုပ်ပါအတိုင်း အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူ အခွင့်အရေးများ မခံစားခဲ့ကြရပါဟု စောဒက တက်ကြသည်။ သို့ဖြင့် လွတ်လပ်ရေးရပြီးခါစ ၁၉၄၈ ခုနှစ်မှာပင် ပြည်တွင်း စစ် စတင် ဖြစ်ပွားခဲ့တော့သည်။ အပြန်အလှန် ရန်ပြုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး လူမဆန်သော ရက်စက်ယုတ်မာမှုများ သည်လည်း များစွာသော စစ်မျက်နှာများတွင် ယခုတိုင် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ကျော်တွင် တိုင်းရင်းသား လူမျိုးစု အရေအတွက် ၃၀ရာခိုင်နှုန်း ပါဝင်နေသည်။ သို့အတွက် ကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မှု မရရှိဘဲနှင့် စစ်မှန်သော အမျိုးသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ရန် ဖြစ်နိုင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံတွင် အဓိကကျသော လူမျိုးစု (၇) စု ဖြစ်ကြသည့် ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း၊ ကချင်နှင့် ကရင်နီလူမျိုးစုများကို အခြေပြုပြီး လူမျိုးကွဲပေါင်း ၁၃၀ ကျော် ရှိနေပါသည်။

စစ်အစိုးရကို ဆန့်ကျင်အာခံရန်အတွက် မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လူမျိုးစု နိုင်ငံရေးအဖွဲ့အစည်းများတို့ တညီတညွတ်တည်း ဖြစ်ခဲ့သော အချိန်တချိန် ရှိခဲ့ဖူးသည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့စဉ်က ၎င်းတို့စုစည်းခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကို ဖွဲ့စည်းခဲ့ကြသည်။

CRPPတွင် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ စောမရအောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်း၊ မွန်နှင့် ဇိုမီးခေါင်းဆောင်များ ပါဝင် ဖွဲ့စည်းထားသည်။

နိုင်ငံရေးစင်မြင့်ပေါ်တွင် CRPP ပေါ်ပေါက်လာခြင်းအပေါ် စစ်အစိုးရက မနှစ်မြို့ဘဲ ၎င်းကော်မတီကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကာ ဦးစောမရအောင် အပါအ၀င် NLD ခေါင်းဆောင်ပိုင်းနှင့် အဖွဲ့ဝင် ၁၁၀ကို ဖမ်းဆီးခဲ့သည်။ တနိုင်ငံလုံးရှိ NLD ရုံးခွဲပေါင်း ၄၃ ရုံးကိုလည်း ပိတ်ပစ်စေခဲ့သည်။

ရွေးကောက်ပွဲပြီးခါစတွင် NLDနှင့် လူမျိုးစု ခေါင်းဆောင်တချို့တို့ အကြား ညီညွတ်ရေးတည်ဆောက်နိုင် ခဲ့ကြလင့်ကစား မြန်မာနိုင်ငံ၏ ပထ၀ီအနေအထားနှင့် စစ်အစိုးရ၏ သွေးခွဲအုပ်ချုပ်ရေးမူဝါဒတို့ကြောင့် နဂိုကတည်းက အလှမ်းဝေးနေနှင့် ပြီးသား လူမျိုးစုများကို မြန်မာနိုင်ငံ မြို့ကြီးများ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများမှ ကင်းကွာစေခဲ့သည်။ စက်တင်ဘာ ဆန္ဒပြပွဲများကာလတွင်လည်း မြန်မာ့တပ်မတော်က လူမျိုးစုဒေသများ၊ အထူးသဖြင့် ကရင်ဒေသများတွင် တပ်စွဲထားသော ၎င်း၏တပ်ဖွဲ့အင်အားကို တိုးမြှင့် ချထားခဲ့သည်။ သို့နှင့် ထိုဒေသများကို ပိတ်ဆို့ အဆက်ဖြတ်ပြီးသား ဖြစ်သွားပါတော့သည်။

နယ်စပ်ရှိ လူမျိုးစုအဖွဲ့အစည်းတချို့တို့က စက်တင်ဘာဆန္ဒပြပွဲတွင် ကြားနေရပ်တည်၍ပင် နေခဲ့ကြသည်။ ၎င်းတို့က အကယ်၍ မိမိတို့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ကြပါက ဆန္ဒပြမှုကို ထိခိုက် စေနိုင်သည်ဟု အကြောင်းပြခဲ့ကြသည်။ ဖဒိုမန်းရှာက “ဒီမိုကရေစီလိုလားတဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို လက်နက် ကိုင် အဖွဲ့အစည်းတွေက အထောက်အပံ့ ပေးနေတယ်ဆိုတာမျိုး နိုင်ငံတကာကို ကျနော်တို့ မမြင်စေချင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

လူမျိုးစု ခေါင်းဆောင်တော်တော်များများက စက်တင်ဘာဆန္ဒပြပွဲ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်သဏ္ဌာန်ကို အလေးဂရုပြု ပြောဆိုခဲ့ကြပြီး ၎င်းတို့က ဆန္ဒပြသူများဘက်မှ ထိန်းထိန်းချုပ်ချုပ်ဆောင်ရွက်ခဲ့သည်များနှင့် အာဏာပိုင်တို့ဘက်မှ အကြမ်းဖက် ဖြိုခွဲခဲ့မှုများကို နှိုင်းယှဉ်၍ ဖော်ပြခဲ့ကြသည်။

စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက် နှိပ်ကွပ် ဖြိုခွင်းခဲ့လင့်ကစား စစ်အစိုးရအား အကြမ်းဖက် တုံ့ပြန်ရန် မည်သူကမျှ ဖွင့်ဟတောင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ပါ။ ထို့အတွက် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်တိုက်ပွဲဝင်ဖို့ ဆိုရန်မှာ အလှမ်းဝေးလှသော ကိစ္စရပ် ဖြစ်သွားပြန်သည်။ တဖက်တွင် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုး သားဒီမိုကရေစီ တပ်မတော် (ကချင်) (NDA-K)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ အပါ အ၀င် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း တချို့တို့က “ဒီမိုကရေစီနည်းကျ၍ ငြိမ်းချမ်းသောနည်းဖြင့် ပြဿနာများကို ဖြေရှင်း ရန်” ပူးတွဲကြေညာချက်တရပ်ကို အောက်တိုဘာလတွင် ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂ အထူးသံတမန် မစ္စတာအီဗရာဟင် ဂမ်ဘာရီမှတဆင့် ရှားရှားပါးပါး ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ သူမက စစ်အစိုးရကို “အကျယ်အပြန့်သော နိုင်ငံရေးအဖွဲ့အစည်း အင်အားစုများ၊ အထူး သဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွား ဆိုင်ရာကိစ္စများ၊ အမြင်များကို အလေးအနက်ထား၍ ထည့်သွင်းစဉ်းစား သွားရန်” တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ “တိုင်းရင်းသားလူမျိုးစုများ” ဟူသည့် ရည်ညွှန်း ပြောဆိုသည့် သုံးနှုန်းမှုကို စစ်အစိုးရက မည် သည့်နည်းနှင့်မျှ ဘ၀င်မကျနိုင်ခဲ့ပါ။ သို့ဖြင့် စစ်အစိုးရက တချို့သောတိုင်းရင်းသားအပစ်ရပ်အဖွဲ့အစည်းများအား သူမ၏ ထုတ်ပြန် ကြေညာချက်ကို ဝေဖန်ပုတ်ခတ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးတွင်ရှိသော သူမ၏အခန်းကဏ္ဍကို မေးခွန်း ထုတ်သော ကြေညာချက်များကို ထုတ်ပြန်စေခဲ့ပါသည်။ စစ်အစိုးရအနေဖြင့် နိုင်ငံရေးဇာတ်ခုံပေါ်မှ ပျောက်ကွယ်သွားစေ ချင်သော အမျိုးသမီးတဦးနှင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကြား အပြန်အလှန် ဆက်ဆံရေး ပြန်လည် ထူထောင်မည့် အရိပ်အမြွက်ကို မနှစ်မြို့နိုင်သည်မှာ ရှင်းလင်းထင်ရှားလှပါသည်။

လွန်ခဲ့သော ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ကြာ အကျယ်ချုပ်ချထိန်းသိမ်းထားခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ပိတ်ထားခဲ့သကဲ့သို့ အခြားထင်ရှားသော လူမျိုးစုခေါင်းဆောင်များသည်လည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထား ခြင်း ခံနေရသည်။

ရှမ်းပြည် ငြိမ်းချမ်းရေး ကောင်စီ (SSPC) ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ် စ၀်ဆေထင်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးတို့သည် ၂၀၀၅ ခုနှစ်တွင်အဖမ်းခံခဲ့ကြရပြီး ထောင်ဒဏ် ၁၀၆ နှစ်နှင့် ၉၂ နှစ်စီ အသီးသီး ကျခံနေကြရ သည်။ ရှမ်းပြည်တွင် လျှို့ဝှက် အစည်းအဝေးတရပ် ကျင်းပအပြီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်အစိုးရကဦးစီးကျင်းပ နေသည့် အမျိုးသားညီလာခံကို သပိတ်မှောက်ရန် ကြံရွယ်သည်ဟု စွပ်စွဲထောင်ချခဲ့သည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး လူမျိုးစုပါတီ ဖြစ်ပြီး ၁၉၉၀ပြည့်ုနှစ်ရွေးကောက်ပွဲတွင် NLDပါတီ ပြီးလျင် မဲဆန္ဒနေရာ အများဆုံး အနိုင်ရခဲ့သော ပါတီလည်း ဖြစ်သည်။ ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ စိုင်းညွန့်လွင်မှာလည်း ၇၅ နှစ် ထောင်ချထားခြင်း ခံနေရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ ရှေ့မတိုးသာ နောက်မဆုတ်သာ နိုင်ငံရေးအကြပ်အတည်းတွင် ဤခေါင်းဆောင်များကို လုံးဝ ပါဝင်ခွင့် မရှိအောင် ဖယ်ကြဉ်ထားခြင်း၊ အလားတူပြုမည်ဟု ခြိမ်းခြောက်နေခြင်းအားဖြင့် အပြောင်းအလဲကို တွန်းဆော်မည့် အလားအလာရှိသော ခေါင်းဆောင်များကိုလည်း ခေါင်းပေါ်ဓားမိုး အုပ်ချုပ်ထားသကဲ့သို့ ရှိနေပါသည်။

 စစ် အစိုးရအနေဖြင့် ၎င်းကို စုပေါင်းညီညွတ်စွာ ဆန့်ကျင်လာကြမည့် အရေးနှင့် မည်သည့်ခြိမ်းခြောက်မှုမျိုးမှမဆို လုံခြုံပြီဟု သူတို့ ဘာသာ သူတို့ စိတ်ချလက်ချ ယုံကြည်ထားနိုင်သည့် အချိန်၌ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” ဟု ပြောလေတိုင်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးနေမည်ကို မှန်းဆနေမိပါတော့သည်။

ဧရာဝတီ မဂ္ဂဇင်း၏ သတင်းထောက် ရှားဖောင်နှင့် ၀ိုင်အိုလက်ချိုတို့သည် ကရင်လူမျိုး တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ၎င်းတို့ရေးသားသည့် The Lingering Question ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.