#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ပင်လုံစာချုပ် သို့မဟုတ် ညီညွတ်ရေးသို့ လှမ်းရာလမ်း
ဧရာဝတီအဖွဲ့ | ဖေဖော်ဝါရီ ၁၂၊ ၂၀၀၈

ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့ ဖြစ်သည်။ ဗဟိုအစိုးရနှင့် တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်း များအကြား ၁၉၄၇ ခုနှစ်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အမှတ်တရပြုသည့် အနေဖြင့် ပြည်ထောင် စုနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က သဘောတူညီခဲ့ကြသော အမျိုးသားစည်းလုံး ညီညွတ်ရေး မျှော်မှန်း ချက်များ မည်သို့ ပျောက်ဆုံးသွားပြီနည်းဟု မေးရပါတော့မည်။

မြန်မာနိုင်ငံ၏ အခြေအနေ ဆိုးရွားနိမ့်ကျလာရခြင်းနှင့် ပတ်သက်၍ ဗမာမျိုးချစ်ခေါင်းဆောင်များက အနောက် နယ်ချဲ့နိုင်ငံ များ၏ သွေးခွဲအုပ်ချုပ်မှုနှင့် တိုင်းရင်းသား လူမျိုးစုများ၏ နယ်ချဲ့ လက်ဝေခံအဖြစ် လုပ်ကိုင်ဆောင်ရွက် နေကြမှုတို့ အပေါ် နှစ်ပေါင်းများစွာ အပြစ်ပုံချခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ကချင်၊ ချင်းနှင့် ရခိုင် လူမျိုးစုများ ကလည်း ဗမာတို့၏ မဟာလူမျိုးကြီးဝါဒနှင့် ဖိနှိပ်ချုပ်ချယ်မှုကို ၀ိုင်းပြီး လက်ညှိုးထိုးခဲ့ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံသားတို့ အနေဖြင့် ညီညွတ်ရေးပြိုကွဲမှု မဖြစ်ရလေအောင် ရှောင်လွှဲလွတ်မြောက်နိုင်မည့် ထူးခြားသော အခွင့်အလမ်း ရရှိခဲ့သည့် နေ့တနေ့ ရှိခဲ့ပါသည်။ ထိုနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပင် ဖြစ်သည်။ ထိုနေ့တွင် လွတ်လပ်သော နိုင်ငံတော်တရပ်ကို တည်ထောင်ရန်ဟူသည့် ဘုံစိတ်ကူး ရည်မှန်းချက်များဖြင့် တိုင်းပြည် တနံတလျားမှ ကိုယ်စားလှယ်များက ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် စုဝေးခဲ့ကြသည်။

ချင်း၊ ကချင်နှင့် ရှမ်းလူမျိုးစုများနည်းတူ ရန်ကုန်ဗဟိုအစိုးရကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြသည်။ ထို့နောက်  ကိုယ်စားလှယ်တော် ၂၃ ဦးတို့က ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးကို အထောက်အပံ့ ဖြစ်စေမည့် နောင်တွင် ပင်လုံစာချုပ်ဟု အမည်တွင်လာမည်ဖြစ်သော သဘောတူ စာချုပ်တရပ်ကို မိမိတို့ဆန္ဒအလျောက် လက်မှတ် ရေးထိုးခဲ့ကြသည်။

ပင်လုံစာချုပ်တွင် “မြန်မာပြည် တိုင်းပြုပြည်ပြု (ကြားဖြတ်) အစိုးရနှင့် အလျင်အမြန် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းလူမျိုးစုများသည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရယူနိုင်ကြလိမ့်မည်” ဟု ဖော်ပြထားသည်။

၎င်းလက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

ထိုသမိုင်းဝင် သဘောတူစာချုပ်ကြီးကို ချုပ်ဆိုပြီး မကြာခင်တွင်ပင် ပင်လုံစာချုပ်၏ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံခဲ့ရပါသည်။ သို့နှင့် မတူကွဲပြားသည့် အင်အားစုများအကြား စုစည်းညီညွတ်စွာ နေထိုင်နိုင်ကြမည်ဟူသည့် အိပ်မက်မှာ လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြေမြှုပ်သဂြုင်္ိဟ်ခြင်း ခံလိုက်ရပါတော့သည်။

လူမျိုးစုများက ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တွင် ပင်လုံ၌ သဘောတူခဲ့ကြသည့်အတိုင်း တန်းတူညီမျှမှုနှင့် အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့်တို့ကို ထည့်သွင်း အာမခံထားခြင်းမရှိဟု ခံစားနေခဲ့ကြသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် စစ်အစိုးရ က တိုင်းပြည် တနံတလျား ချောင်ကြိုချောင်ကြားမကျန် မည်သည့် အာခံဆန့်ကျင်မှုမျိုးကိုမှ ခွင့်မပြုဘဲ နှိပ်ကွပ် သြဇာလွှမ်း မိုးခဲ့ပြန်သည်။

အကြွင်းမဲ့အာဏာရှင် စနစ်ကို ချမှတ်ကျင့်သုံးခဲ့ပြီး ပင်လုံစာချုပ်တွင် ပြသနိုင်ခဲ့ကြသော အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှု အနှစ်သာရမှာလည်း ဆုံးရှုံး ကွယ်ပျောက်ခဲ့ရသည်။ သို့ဖြင့် အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲ အပြစ်ပုံချမှုများ ဆီသို့ ပြန်ရောက်သွားကြရတော့သည်။

၂၀၀၇ ခုနှစ် ပြည်ထောင်စုနေ့တွင် လက်ရှိစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မည်သို့မျှ အစပ်အဟပ် မတည့်သော မိန့်ခွန်းတရပ် မြွက်ကြားခဲ့သေးသည်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအပေါ် ကြိုးကိုင် လွှမ်းမိုးချယ်လှယ်လိုကြသော အင်အားကြီး နိုင်ငံအချို့တို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲစေရန်နှင့် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည် ပေါ်ပေါက်လာစေရန်အတွက် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် မွှေနှောက်ဖန်တီးနေသည်” ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ယနေ့တွင် အများစုက၊ အထူးသဖြင့် လူမျိုးစု ခေါင်းဆောင်များက နောက်ထပ် ပင်လုံနှင့် အလားတူ စာချုပ်တရပ်ကို လက် မှတ်ရေးထိုးကြရန် အလွန်အမင်း လိုလားတောင့်တနေပြီး များစွာပင် နောက်ကျနေပြီဟု ခံစားနေကြရသည်။ သို့သော် လည်း အရိုးစွဲနေကြသည့် အမြင်များဖြစ်သည့် အဖြူ-အမဲ ဆေးသားနှင့် ဆွဲထားသော “နယ်ချဲ့သြဇာခံ ရုပ်သေးများ”  “မဟာဗမာ လူမျိုးကြီးဝါဒီ ဖိနှိပ်သူများ” ဆိုသည့် ရုပ်ဖျက်ပုံတူ နိမိတ်ပုံဟောင်းများမှ ဖဲခွာကြမှသာ တိုးတက်ဖြစ်ထွန်းမှု ရရှိနိုင်မည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံကို မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ စကား၊ ယုံကြည်ကိုးကွယ်မှုနဲ့ ယဉ်ကျေး မှုတွေကို ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးပျော်ရွှင်စွာ အတူယှဉ်တွဲ တည်ရှိတာကို ခွင့်ပြုတဲ့၊ ကြံ့ခိုင်တောင့်တင်းတဲ့ နိုင်ငံတော်အဖြစ် အမှန်တကယ်တည်ဆောက်ချင်သူတွေအတွက် မတူကွဲပြားမှုများရဲ့ စုစည်းညီညွတ်မှုဟာ အခြေခံမူ တရပ်အဖြစ်နဲ့ ရှိကို ရှိရပါမယ်၊ သူကိုယ်တိုင်ရဲ့ အမြင်သဘောထားတွေနဲ့ မတူကွဲပြားတာကို လက်သင့်ခံနိုင်တဲ့ အစိုးရတ ရပ်ကသာလျင် မတူကွဲပြားတဲ့ရိုးရာဓလေ့ထုံးတမ်းတွေ၊ ယုံကြည်မျှော်မှန်းချက်တွေ ရှိကြတဲ့ ပြည်သူတွေကို အပြန်အလှန် နားလည်မှုရှိပြီး ယုံကြည်မှုလည်းရှိတဲ့ အ၀န်းအ၀ိုင်းထဲမှာ လွတ်လွတ်လပ်လပ် အသက်ရှုခွင့် ရနိုင်ကြမယ့် ပတ်ဝန်းကျင် မျိုးကို ဖန်တီးပေးနိုင်ပါလိမ့်မယ်” ဟု ပြောခဲ့ဖူးပါသည်။

မတူကွဲပြားကြသည့် မြန်မာပြည်သူ အင်အားစုများ စည်းလုံးညီညွတ်ရေး ၀န်းကျင်လေထုအောက် တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၏ ရက်တရက်က အတူတူစုဆုံ ရောက်ရှိခဲ့ကြဖူးသည်ကို ပြန်လည် သတိရ စောကြောသင့်ပြီ မဟုတ်ပါ လော။

ဧရာဝတီ အဖွဲ့သားများ ရေးသားသည့် The Panglong Agreement: A Path to Unity ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.