#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ရောင်းကုန်မဟုတ်ပါ
ထက်အောင် | ဖေဖော်ဝါရီ ၈၊ ၂၀၀၈

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ချစ်တ၀က် မုန်းတ၀က် သဘောထားဖြင့် ဆက်ဆံနေကြသည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ရွေးကောက်ပွဲများမှစ၍ နောက်ထပ် အစိုးရအသစ် အာဏာမယူနိုင်မချင်း တိုင်းပြည်၏ နိုင်ငံရေး ကိစ္စရပ် အများစုက တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည်။

မူဝါဒအားလုံးကို ပြန်လည်သုံးသပ်ရန် စောင့်ဆိုင်းနေရချိန်တွင် ထိုင်းနိုင်ငံတွင်း ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမား ၂ သန်း ကျော်ကိစ္စကို ဦးစားပေး၍ ဆောင်ရွက်သင့်သည်။ သို့မှသာ ထိုင်းအစိုးရအသစ်အတွက် ပို၍ အဓိပ္ပာယ်ရှိစေပါ လိမ့်မည်။

ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းနိုင်ငံ၏ အမျိုးသား လုံခြုံရေးအတွက် အမှန်တကယ် ခြိမ်းခြောက်မှုတရပ် ဖြစ်နေပါ သလား။ သို့မဟုတ် ၎င်းတို့က တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုး အထောက်အကူပြုနေကြပါသလား။ အထူး သဖြင့် နိုင်ငံ၏ အခြားဒေသများ ဖွံ့ဖြိုးတိုးတက်နေချိန်တွင် နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်နေခဲ့သော နယ်စပ်ဒေသ များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုခဲ့ပါသလား။ စဉ်းစားဖွယ်ရာ ရှိနေသည်။

ဒေးဗစ်မြို့၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ နိုင်ငံတကာရွှေ့ပြောင်းအခြေချခြင်းဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဖိလစ် မာတင် (Prof. Phillip Martin) ရေးသားပြီး နိုင်ငံတကာ အလုပ်သမား ရေးရာရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော “ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ စီးပွားရေးအပေါ် ပံ့ပိုးထောက်ကူမှု” ခေါင်းစဉ်ပါ အစီရင်ခံစာတွင် “၂၀၀၇ ခုနှစ် စာရင်းအရ ၃၆ သန်းရှိသော ထိုင်းနိုင်ငံ၏ အလုပ်သမားထုအတွင်း ရွှေ့ပြောင်းအလုပ်သမားများက ၅ရာခိုင်နှုန်း သို့မဟုတ် ၁. ၈ သန်းရှိနေသည်” ဟု ဆိုထားသည်။

ယမန်နှစ်က ထိုင်းနိုင်ငံ၏ အမျိုးသားပြည်တွင်းထုတ်ကုန် တန်ဖိုး (GDP) တွင် ရွှေ့ပြောင်းအလုပ်သမားများကြောင့်  အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ခန့် အကျိုးဖြစ်ထွန်းစေခဲ့သဖြင့် ၁၉၉၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃ ဆနီးပါး မြင့်တက်ခဲ့သည် ဟု ဖော်ပြထားသည်။ ထို့ ကြောင့် ၂၁ ရာစု ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် မှီတည်နေကြောင်း ထင်ရှားရှင်းလင်းနေပါသည်။

သို့သော် မကြာသေးခင်က ထိုင်းသတင်းမီဒီယာများတွင် ရွှေ့ပြောင်းအလုပ်သမားများကို ရာဇ၀တ်သားများ၊ ရောဂါပိုး သယ်ဆောင်လာသူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ကုန်ကူးသူများအဖြစ် ပုံဖျက်ထားသော ဆောင်းပါး အမြောက်အများ ပေါ်ထွက်လာခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများ အနက် ၈၀ ရာခိုင်နှုန်း မှာ မြန်မာပြည်မှ ဖြစ်သည်။

တဘက်တွင်မူ ဘန်ကောက်မြို့အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နေးရှင်းသတင်းစာ (The Nation) က ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် “နိုင်ငံရပ်ခြားမှ အလုပ်သမားများ အလိုရှိသည်။ သို့သော် သူစိမ်းပြင်ပြင် ခွဲခြားဆက်ဆံ ခြင်း ခံရမည်” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရှည် တပုဒ်ဖေါ်ပြခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အကြား ထိုင်းသတင်းစာ ၁၃ စောင်တွင် ပါရှိခဲ့သော ရွှေ့ပြောင်းအလုပ်သမားများ အကြောင်း ရေးသားထားသည့် ဆောင်းပါး အပုဒ် ၁,၀၀၀ ကို လေ့လာခဲ့သူ သုတေသီ ကူလချဒါ ချိုင်ပီပတ် (Kulachada Chaipipat) ၏ လေ့လာတွေ့ရှိချက်ကို ၎င်းဆောင်းပါးက ဖွင့်ဟ ဖေါ်ပြခဲ့သည်။ သူမ၏ သုံးနှစ်ကြာ သုတေသန တွေ့ရှိချက်တွင် ဒေသခံ သတင်းမီဒီယာများသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ် “တရားမ၀င် နေထိုင်သူများ၊ အန္တရာယ်ကောင်များနှင့် ကြောက်စရာကောင်းသော နိုင်ငံခြားသားများ” ဟု အဆိုးမြင် စကားလုံးများ အလွန်အကျွံ သုံးစွဲခဲ့ကြောင်း တွေ့ရှိ ခဲ့ရသည်။

အစိုးရ ထိပ်တန်းခေါင်းဆောင် တချို့၏ အမြင်၌ မွေးကင်းစ ကလေးငယ်သည်ပင်လျင် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ရှုမြင်ခဲ့ကြသည်။ ၂၀၀၇ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၌ လစဉ် ရွှေ့ပြောင်း အခြေချနေသူများက ကလေးငယ် ၂,၀၀၀ ကို မွေးဖွားနေသည် ဟူသော ထိုင်းသတင်းစာတစောင်၏ တင်ပြချက်ကို ကိုးကား၍ ဗိုလ်ချုပ်ကြီး ဆွန်ထိ ဘွန်ယာလတ်ကလင်က လုံခြုံရေးကို ပိုမိုတင်းကျပ်ရန် တောင်းဆိုခဲ့သည်။ တကယ်တမ်းတွင်မူ ထိုင်း အန်ဂျီအို (NGO) အဖွဲ့တခုဖြစ်သည့် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက် (Labor Rights Promotion Network) ၏ အဆိုအရ တလလျှင် ကလေး ၃၀၀ သာ မွေးဖွားသည်။

ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်းအခြေချသူများထံမှ လုပ်အားကိုသာ အလိုရှိကြပြီး ၎င်းတို့၏ ကလေးငယ်များကိုအလို မရှိကြောင်း ထင်ရှားနေသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အာဏာရှိစဉ်၊ ၂၀၀၄ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ၏ အိမ်နီး နားချင်း ၃ နိုင်ငံ ဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် မှတ်ပုံ  တင်ပေးမည့် မူဝါဒ စတင်ကျင့်သုံးခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရည်စူးသည့် ဤမူဝါဒကို ပျော့ပြောင်းလွန်းသည်။ ထိုသူများအတွက် အခွင့်အရေးပေးရာကျသည်ဟု ဆိုကာ ထိုင်းအစိုးရအတွင်း အပြန်အလှန် ငြင်းခုန်ခဲ့ကြရသေးသည်။

မှတ်ပုံတင်စေသည့် မူဝါဒသည် အမှန်စင်စစ်တွင် နိုင်ငံအ၀န်း ပြန့်ကျဲနေထိုင်နေသော တရားမ၀င် အလုပ်သမားဦးရေကို သိရှိရန် စာရင်းကောက်ယူရန်သာဖြစ်ပြီး အတွင်းဘက်ကျသည့် ဒေသများမှ အလုပ်သမားများကို နယ်စပ်ဒေသများဆီသို့ ပြန်တွန်းပို့ရန် ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။

၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် မှတ်ပုံတင်ထားသော ရွှေ့ပြောင်း အလုပ်သမားဦးရေ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံ ၃ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၆၀၀,၀၀၀ သာ မှတ်ပုံတင်ခဲ့သဖြင့် ၂၀၀၄ ခုနှစ်တွင် မှတ်ပုံတင် ခဲ့သော ဦးရေ၏ ထက်ဝက်မျှသာ ရှိနေသည်။

၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် နားလည်မှု စာချွန်လွှာတရပ်ကို ၎င်း၏အိမ်နီးနားချင်း ၃ နိုင်ငံဖြင့် စတင် လက်မှတ်ရေးထိုး ကျင့်သုံးခဲ့ပြီး ၂၀၀၆ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်အစိုးရကို အဓိကနယ်စပ်မြို့ ၃ မြို့ဖြစ်သော မြ၀တီ၊ တာချီလိတ်နှင့် ကော့သောင်းတို့တွင် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးသောရုံးများ ဖွင့်လှစ်ရန် တိုက်တွန်းခဲ့သည်။

သို့ပင်ငြား မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် အကောင်အထည် ဖေါ်နိုင်ခြင်း မရှိသကဲ့သို့ သက်ဆိုင်သည့် နိုင်ငံနှစ်နိုင်ငံမှလည်း မည်သည့်အတွက်ကြောင့် ၎င်းလုပ်ငန်းစဉ် တိမ်းချော်ခဲ့ရကြောင်းကို လူသိရှင်ကြားထုတ်ဖေါ် ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမားများက အကယ်၍ နှစ်နိုင်ငံသဘောတူညီချက်သာ  အသက်ဝင်ခဲ့လျင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ၎င်းတို့၏ မိသားစုများထံမှ စစ်အစိုးရက “အခွန်အတုတ်များ” ကောက်ခံမည်ကို စိုးရိမ်နေကြသည်။ အလုပ် လုပ်နိုင်သည့် အချိန်ကာလ သတ်မှတ်မည့် အပေါ်တွင်လည်း နောက်ထပ်စိုးရိမ်ချက်များ ရှိနေသည်။ ၂ နှစ် သက်တမ်းပြီး ပါက နောက်ထပ် သတ်တမ်းတခါတိုး၍ ထိုင်းနိုင်ငံတွင် ၄ နှစ်အထိ အများဆုံး အလုပ်လုပ် နိုင်သော်လည်း ယင်း ၄ နှစ် သက်တမ်းကုန်ဆုံးပါက နောက်ထပ် ၃ နှစ် အတွင်း ထိုင်းနိုင်ငံ သို့ ပြန်လာနိုင်ခွင့် မရှိဟု ၎င်းသ ဘောတူညီချက်တွင် ဆိုထားသည်။

ဤသဘောတူညီချက်သည် ဥပဒေမဲ့ နယ်စပ်ဖြတ်ကျော်ခြင်းများနှင့် အလုပ်သမားများအား လူကုန်ကူးရောင်းဝယ်မှုကို တိုက်ဖျက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ပစ်မှတ်ကို မထိခဲ့ချေ။ အကြောင်းမှာ ရောင်းလိုအားနှင့် ၀ယ်လိုအား ပြဿနာ ကြောင့်ပင် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ရလာသည်နှင့် အမျှ ၎င်းတို့လိုအပ်သောအချိန်တွင် ရွှေ့ပြောင်း အလုပ်သမားများကို တင်သွင်းကြလိမ့်မည် ဖြစ်ပြီး မလိုအပ်တော့သော အချိန်တွင် ပြန်မောင်းထုတ်ကြလိမ့်ဦးမည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေသည် ထိုင်းအစိုးရ၏ တင်းကျပ်သော စည်းမျဉ်းဥပဒေများနှင့် ခေါင်းပုံဖြတ်လို စိတ်ရှိနေသော အရင်းရှင်များ၏ လောဘအကြား လွန်ဆွဲခံနေရပြီဖြစ်သည်။

ထိုင်းနိုင်ငံမှ အာဏာရလာမည့် အစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ပိုမိုလက်တွေ့ဆန်ပြီး လူသားဆန်မှုကို အခြေခံသည့် မူဝါဒတရပ် ချမှတ်ကျင့်သုံးသင့်ပြီ။ သက်ဆိုင်ပတ်သက်နေသည့် အစိုးရများ အတွက်သာ အကျိုးဖြစ်စေမည့် မူဝါဒများကို စွန့်ပယ်သင့်ပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရွှေ့ပြောင်းအလုပ်သမားများသည်လည်း  လူသားများပင်ဖြစ်ပါသည်။ ရောင်းကုန်ပစ္စည်းများ မဟုတ်ကြပါ။

ထက်အောင်ရေးသားသည့် Migrants are not Commodities ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.