#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဗိုလ်ချုပ်သန်းရွှေ၏ ဗလာကတိ
ရဲနည် | ဧပြီ ၃၊ ၂၀၀၈

စစ်တပ် အုပ်ချုပ်ရေး ဆယ်စုနှစ် ၄ ခုခွဲ ရှိလာသည့်အချိန်တွင်၊ မြန်မာနိုင်ငံရှိ ပြည်သူများက မည်သည့်အချိန်တွင် ဒီမို ကရေစီစနစ်သို့ ကူးပြောင်းရန် အဆင်သင့်ဖြစ်ပါမည်နည်းဟု အစဉ်သဖြင့် မျှော်တလင့်လင့် စောင့်စားနေခဲ့ကြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့၌ ကျင်းပခဲ့သည့် တပ်မတော်နေ့တွင်တော့ မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ချုပ်ကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်အနေဖြင့် အရပ်သားအစိုးရလက်ထဲသို့ ၂၀၁၀ ခုနှစ်တွင် အာဏာလွှဲပြောင်းပေးရန် အသင့် ဖြစ်လိမ့်မည်ဟု ကြေညာလာခဲ့သည်။

ကာလကြာရှည် ဒုက္ခခံစားလာကြရသည့် မြန်မာပြည်သူများအဖို့ ဤသတင်းက ၀မ်းသာကြိုဆိုဖွယ် သတင်းဖြစ်ပေလိမ့် မည်။ သို့သော်လည်း ကံအကြောင်းမလှသည်မှာ နှစ် ၂၀ ကြာ အာဏာကို ကိုင်စွဲအုပ်ချုပ်လာသည့် အာဏာရှင် ဗိုလ်ချုပ် သက်ကြားအိုကြီး၏ ပြောစကားနှင့် သူ၏ ရည်ရွယ်ရင်းအမှန်ကို လက်ခံယုံကြည်ရန် ခက်ခဲနေကြခြင်းပင် ဖြစ်သည်။ ဤ စကားကို ကြားကြားချင်း မြန်မာလူမျိုးအများစုက ပယ်ချခဲ့ကြပြီး၊ ရိုးနေပြီ၊ သည်စကားမျိုး ကြားဖူးခဲ့ကြပြီဟု ဆိုကြသည်။

မြန်မာနိုင်ငံကို မျိုးဆက်တခုကျော်ကြာ သံလက်သီးအုပ်ချုပ်ရေးဖြင့် တင်းကျပ်စွာ ထိန်းချုပ်လွှမ်းမိုးထားခဲ့သည့် စစ်တပ် အပေါ် ယုံကြည်လက်ခံသူဆို၍ အနည်းအကျဉ်းမျှသာ ရှိပါလိမ့်မည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းစဉ်က လူအချို့ က ဤစစ်တပ်ခေါင်းဆောင်များ၏ စိတ်နှလုံးတွင်းတွင်လည်း နိုင်ငံကောင်းကျိုးဆောင်ရွက်လိုစိတ် ရှိမည်ဟု ယုံကြည်ခဲ့ကြ သေးသည်။ ယခုအချိန်တွင်တော့ ရှင်းလာသည်မှာ နိုင်ငံ၏ တပ်မတော်သည် ၎င်းကို ထိန်းချုပ်ထားသူ အချို့၏ အကျိုး စီးပွားအတွက်သာ အကျိုးဆောင်နေကြခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ် သံဃာများဦးဆောင်ကြသည့် ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲချေမှုန်းခဲ့မှုအပေါ် စစ်ဗိုလ်ချုပ်များကို နိုင်ငံ တကာအသိုက်အ၀န်းက ပြစ်တင်ဝေဖန်မှုများ စုပြုံကျရောက်လာသည့်အခါ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါမည်ဟု ကတိပေးခဲ့ ကြပါသည်။ ဗိုလ်ချုပ်မှူးကြီး၏ စကား မတည်ခဲ့ပါ။

မတ်လ ဆန်းပိုင်းတွင် ဗိုလ်ချုပ်သန်းရွှေက သူ၏ လူယုံသာဝကကြီးဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ထံမှ တဆင့် သတင်းစကားတခု ပါးလာခဲ့သည်။ သူက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဘန်ကီမွန်း၏ အကြံပေးချက်ဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းအသစ်ကို ပြုပြင်ပြောင်းလဲပေးရေးနှင့် "အင်အားစု အများ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိရေး" ဟူသည့် တောင်းဆိုချက်များကို ငြင်းပယ်ခဲ့ပါသည်။

ဤပုံအတိုင်းဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအဖို့ တရားဝင်လမ်းဆုံး ၍ နိဂုံးရောက်သွားပြီ ဖြစ်သည်။ ကုလသမဂ္ဂ၏ အထူးသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ ကြားဝင်စေ့စပ် ပေးရေး ကြိုးပမ်းချက်များသည်လည်း ရလဒ်အရှုံးထွက်ခဲ့ရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မျှော်လင့်တောင့်တနေကြသည့် အိပ်မက်များကိုလည်း၊ ဗိုလ်ချုပ်သန်းရွှေ က ချိုးချေဖျက်ဆီးလိုက်ပြီး မျှော်လင့်ချက်များကို ပြယ်စေခဲ့သည်။

ခေတ်သစ်မြန်မာ့တပ်မတော်ကို လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ရဲဘော်များက တည်ထောင်ခဲ့ကြ ကာ နိုင်ငံ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲ့ကြကြောင်း သမိုင်းအချက်အလက်မှန်ကို မြန်မာပြည်သူများက နားလည်သဘောပေါက်ထားကြပါသည်။

ယခင်က တော်လှန်ရေးနေ့ဟု ခေါ်ဆိုခဲ့ကြသည့် ယခုတပ်မတော်နေ့သည် ဤကြီးမြတ်သည့် သမိုင်းအစဉ်အလာကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင်တော့ တပ်မတော်သည် ဗိုလ်ချုပ်သန်းရွှေ၏ တလက်ကိုင် စစ်တပ်သဖွယ် အကျိုးဆောင်ပေးနေပြီး၊ သက်ဦးဆံပိုင် ဘုရင်စနစ်ဆန်ဆန်ခေတ်သို့ နောက်ပြန်သွားစေရန် ကျားကန်ပေးနေပါသည်။

ဗိုလ်ချုပ်သန်းရွှေက ဂုဏ်ယူဖွယ်ရာ မြန်မာ့သမိုင်းနှင့် အဆက်အစပ် ကင်းကွာပြတ်တောက်နေသလို၊ ယခုအချိန်တွင်လည်း သူက နိုင်ငံ၏ အနာဂတ်အတွက် တလွဲဖော်ပြ၍ မျှော်လင့်ချက်ပေးနေပြန်ပါသည်။

နိုင်ငံတွင်း ခံစားနေရသည့် နာကျင်ဖွယ်လူမှုဒုက္ခများကို အသိအမှတ်ပြုမည်-မပြုမည်၊ ဖောက်ပြန် ပျက်စီးနေသည့် ဗိုလ်ချုပ်သန်းရွှေနှင့် နောက်လိုက်နောက်ပါများ၏ အမှားကို ပြုပြင်မည်-မပြုပြင် ဆိုသည်မှာ တပ်မတော်အတွင်းရှိ မျိုးဆက် သစ် စစ်အရာရှိများ၏ သဘောဆန္ဒသာ ဖြစ်ပါသည်။

အကယ်၍ သူတို့က ဤသို့ပြုပြင်ပြောင်းလဲရန် ဆန္ဒမရှိပါက၊ မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာသည်လည်း ဗိုလ်ချုပ် သန်းရွှေ၏ စကား၊ ဗလာကတိများသဖွယ် တန်ဖိုးမဲ့နေဦးမည် ဖြစ်ပါသည်။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.