#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လက်တွင်းမှ နိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အာဏာ
ကျော်စွာမိုး | ဧပြီ ၃၊ ၂၀၀၈

ဘာမှ မရှိခြင်းထက် တခုခု လက်ဝယ်ရှိခြင်းက ပိုကောင်းပါသလော။ ဤသို့ဆိုလျှင်ဖြင့် မြန်မာပြည်သူလူထုများအတွက် ပို၍ ကောင်းလာဖွယ် ရှိနေပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိဘဲ စစ်တပ်က နှစ် ၂၀ အုပ်ချုပ်ထားသည့် မြန်မာ နိုင်ငံတွင် ကျင့်သုံးရန်အတွက် လွန်ခဲ့သည့်အပတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) တခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဤမူကြမ်းက တရားမ၀င်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး၊ ယခုအချိန်တိုင် လူသိရှင်ကြား ထုတ်ပြန်ဖြန့်ချိခြင်း မရှိသေးပါ။ အလားတူပင် ဤဖွဲ့စည်းပုံမူကြမ်းအပေါ် မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာထားသည်မှအပ ကျင်းပ မည့်နေ့ရက်နှင့် လုပ်ငန်းစဉ် အသေးစိတ်အချက်များကိုလည်း ပြည်သူတို့ မသိရှိကြရသေးပါ။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအရ သမ္မတကို နိုင်ငံတော်အကြီးအကဲဟု ဖော်ပြထားသော်လည်း၊ ၎င်းဖွဲ့စည်းပုံကို အကြမ်းဖျဉ်း လေ့လာအကဲဖြတ်ချက်များအရပင် နိုင်ငံတော်ကို မောင်းနှင်ထိန်းကျောင်းနေမည့် တကယ့် အစစ်အမှန် အာဏာသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၌ တည်နေသည်ကို တွေ့ကြရပါသည်။ ဒီမိုကရေစီစနစ်များ၏ အခြေခံ အနှစ်သာရ ဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူများထံမှ ဆင်းသက်လာခြင်း မဟုတ်ပါ။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းစိတ်ကြိုက်ရွေးချယ်ထားသည့် စစ်တပ် အရာရှိ ကိုယ်စားလှယ်များဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်စလုံးတွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို ခန့်အပ်ပေးခွင့် အာဏာအပ်နှင်းထားပါသည်။

အတိအကျဆိုရလျှင် "ပြည်သူ့လွှတ်တော်" ဟု ခေါ်ဆိုသည့် အောက်လွှတ်တော်တွင် ကိုယ်စားလှယ် ၄၄၀ ဦးအနက် စစ်တပ် ကိုယ်စားလှယ် ၁၁၀ ဦး၊ "ပြည်ထောင်စုလွှတ်တော်" ဟု ခေါ်ဆိုသည့် အထက်လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးတွင်၊ စစ်တပ်ကိုယ်စားလှယ် ၅၆ ဦးကို ကာကွယ်ရေးဦးစီးချုပ်ဆိုသူက စိတ်ကြိုက်ရွေးချယ်ထားသည့် စစ်တပ်အရာရှိများ ဖြင့် ခန့်အပ် တာဝန်ပေးမည် ဖြစ်သည်။

အနှစ်သာရမှာ ခန့်အပ်ထားသူ ကိုယ်စားလှယ်များသည် ဥပဒေ၏ အထက်တွင် ရှိနေသည် ဆိုခြင်းပင် ဖြစ်သည်။ ၎င်းခန့် အပ်ခံထားရသည့် စစ်တပ်ကိုယ်စားလှယ်များသည်၊ သူတို့ကို ခန့်အပ်ပေးထားသည့် ကာကွယ်ရေးဦးစီးချုပ်အပေါ်တွင်သာ သစ္စာခံကြမည် ဖြစ်သည်။ ဤဥပဒေ တပိုဒ်တည်းနှင့်ပင် ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဒီမိုကရေစီနည်းမကျ ဟု ဆိုနိုင်ပြီဖြစ်ပါသည်။ ဤမျှနှင့် အဆုံးမသတ်သေးပါ။

ဒု-သမ္မတ ၃ ဦး၏နေရာကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က တင်သွင်းပေးမည် ဖြစ်ပြီး၊ ဤသမ္မတ ရွေးချယ်တင် မြှောက်ရေးအဖွဲ့တွင် သီးသန့်ရွေး ချယ်ထားသည့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပေးသည့် လွှတ်တော် ၂ ရပ်ရှိ စစ်တပ်အရာရှိကိုယ်စားလှယ် များ ပါဝင်ကြမည် ဖြစ်သည်။ ဤဒု-သမ္မတ ၃ ဦးအနက်မှ တဦးကို သမ္မတအဖြစ် ဤရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်ပေးလိမ့်မည် ဖြစ်သည်။

ဤသို့ဆိုလျှင်ဖြင့် စစ်တပ်က ခန့်အပ်ထားသူတဦးသည် ဒု-သမ္မတ ဖြစ်တော့မည်မှာ သေချာနေသည်။ စစ်တပ်က လာ သည့် ၎င်းဒု-သမ္မတသည်ပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း ၃ အရ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရဖွယ် ရှိနေပါ သေးသည်။ အကြောင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း ၃ တွင် "နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အရေးအရာ များ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီပွားရေးနှင့် စစ်ရေးအမြင်များ ရှိရမည်"ဟု ဆိုထားပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအရ ကာကွယ်ရေးဦးစီးချုပ်သည် ဒု-သမ္မတနှစ်ဦးနှင့် အဆင့်အတန်း တူသည်ဟု ဖော်ပြထား ပါသေးသည်။

ယခုဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းက မြန်မာနိုင်ငံ၏ ယခင်တည်ခဲ့သည့် ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ များနှင့် ခြားနားကွဲလွဲနေပါသည်။ အခန်း ၁ တွင် "နိုင်ငံတော် အခြေခံမူများ" ကို ဖော်ပြထားရာ၌ "နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်"ဟု ထည့် သွင်း ပြဌာန်းထားပါသည်။ ယခုဖွဲ့စည်းပုံ မူကြမ်းတွင် "တပ်မတော်" ဟူသည့် အခန်းတခု သီးသန့်ထည့်သွင်းထားပြီး၊ ဤ အချက်သည်လည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သမိုင်းတွင် မတွေ့ဖူးခဲ့သည့် အချက်အလက်အသစ်တခု ဖြစ်နေပါသည်။

ဤအခန်းတွင် ဖော်ပြထားချက်အရ လွှတ်တော်များသည် ကာကွယ်ရေးအသုံးစရိတ် အပါအ၀င်၊ စစ်တပ်ရေးရာနှင့် ပတ် သက်သည့် ကိစ္စများအပေါ်တွင် ၀င်ရောက်ကြီးကြပ်ခွင့် ရကြလိမ့်မည် မဟုတ်ပါ။

ဖွဲ့စည်းပုံမူကြမ်းအရ၊ "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် ရှိ သည်" ဟု ဖော်ပြထားသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် စစ်တပ်၏ တရားစီရင်ရေးဆိုင်ရာ ကိစ္စများကိုပါ အပြည့်အ၀ ထိန်းချုပ်ခွင့် ရှိနေပြန်ပါသည်။

အခန်း ၁၂ ရှိ "ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း" အခန်းတွင်လည်း ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်များရှိ ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက ဥပဒေမူကြမ်းတင်ပြရမည် ဖြစ်ပြီး၊ လွှတ်တော်များရှိ ကိုယ် စားလှယ်အားလုံး၏ ၇၅ % ကျော်က ပြင်ဆင်ရန် သဘောတူညီပြီးမှသာ ဤအဆိုပြုချက်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ပြင်ဆင်ရမည်ဟု ဆိုထားပါသေးသည်။

ဆန္ဒမဲပေးသူများ၏ ၅၀ ရာခိုင်နှုန်းကျော်က အတည်ပြုထောက်ခံမှသာ ဤပြင်ဆင်ချက်က ဥပဒေအဖြစ်တည်လာလိမ့်မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ကို စစ်တပ်အရာရှိများက ယူထားရာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်မှာ ကာကွယ်ရေးဦးစီးချုပ်က မထောက်ခံလျှင် မဖြစ်နိုင်သလောက် ရှိနေပါသည်။

ထိုမျှမက စစ်တပ်သို့ အပ်နှင်းထားသော အာဏာများနှင့် ပတ်သက်နေသည့် အခန်းများ၌လည်း "တပ်မတော်သည် နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်" ဟု ဆိုထားပြန်သည်။ အကယ်၍ စစ်တပ်က ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်လာဖွယ်ရှိပါက ဤပြဌာန်းချက်အပိုဒ်ကို သုံး၍ အချိန်တိုင်း၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ပိတ်ဆို့တားဆီးထားဖွယ် ရှိနေပါသေးသည်။

"အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ" အခန်း၌လည်း စစ်တပ်က အချိန်မရွေး ကြေညာပြဌာန်းနိုင်ခွင့် အာဏာပေး အပ်ထားပြီး၊ ဤကဲ့သို့ အရေးပေါ် အခြေအနေမျိုး၌ ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို အပြည့်အ၀ အသုံးချခွင့် ပြုထားပါသည်။

သေချာသည်မှာ ဖွဲ့စည်းပုံ မူကြမ်းက ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်ကို လွှမ်းမိုးချယ်လှယ်နိုင်စေရန် ရေးဆွဲထားပြီး၊ နိုင်ငံ၏ တကယ့်အာဏာ အစစ်အမှန်ကို ကာကွယ်ရေးဦးစီးချုပ်ဆိုသူထံသို့ အပ်နှင်းထားပါသည်။

လာမည့် မေလတွင် ကျင်းပတော့မည့် ဆန္ဒခံယူပွဲသည် မြန်မာပြည်သူများအဖို့ ဘာမှ မရှိတာထက်၊ တခုခုရှိနေတာက ပိုကောင်းမည်လောဟု ဆုံးဖြတ်ရွေးချယ်ပေးရတော့မည့် အချိန်ဖြစ်ပါသည်။ မြန်မာပြည်သူတို့အဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုမျှ မရှိဘဲနှင့် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် နေထိုင်၍ နစ်နာမှုအမျိုးမျိုး၊ ဒုက္ခအဖုံဖုံ ကြုံတွေ့ခဲ့ကြရသည်မှာလည်း ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်သည်။

ဤသို့အားနည်းချက်များ ပြည့်နှက်နေသည့် ဖွဲ့စည်းပုံမူကြမ်းကို လက်ခံ၍ မေလတွင် အတည်ပြုခဲ့ပြီ ဆိုပါစို့။ ဤသို့ဆိုလျှင် မြန်မာပြည်သူများ၏ ဘ၀က မည်သို့ တိုးတက်လာပါမည်ဟု မျှော်လင့်ထားနိုင်ပါသနည်း။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.