#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

စိစစ်ဖြတ်တောက်မှုတို့ မင်းမူရာမြေ
ရဲနည် | ဧပြီ ၃၊ ၂၀၀၈

ပြည်တွင်းပုံနှိပ်မီဒီယာများမှ နိုင်ငံတော်အစိုးရနှင့် ငြိစွန်းသည်များကို စိစစ်ဖြတ်တောက်ရန် အမြဲမပြတ် အားထုတ်နေရ သည့် စာပေစိစစ်ရေးနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင် အဖွဲ့သည် စိန်ခေါ်မှု အသစ်များကို ထပ်မံ ရင်ဆိုင်နေရပြန်ပြီ ဖြစ်သည်။ စာစစ်မှူးများသည် မှန်ဘီလူးမျိုးစုံနှင့် ကြည့်မှန်ချပ်များကို အသုံးပြု၍ ၀တ္တု၊ ကဗျာ၊ ဆောင်းပါးနှင့် ကြော်ငြာများထဲတွင် ဖုံးကွယ်ထည့်သွင်း ရေးသားထားနိုင်သည့် မလွတ်မကင်း နိုင်ငံရေး အချက်အလက်များကို ပြူးပြဲရှာဖွေဖော်ထုတ်နေကြရပါသည်။

မြန်မာနိုင်ငံသည် "စာနယ်ဇင်းလောက၏ ရန်သူ"အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေခဲ့ပြီးသားဖြစ်ပါသည်။ သို့သော် မြန်မာစာရေးဆရာများက လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်ကို ပိတ်ပင်တားဆီးရန် ကြိုးပမ်းနေသော စစ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အရေးစိုက်မည်မဟုတ်ဟု ဆိုနေကြပါသည်။ သူတို့က "စိစစ်ရေးရှိတာ မရှိတာအရေးမကြီး ပါဘူး၊ တကယ်စိတ်ဆုံးဖြတ်ထားတဲ့ စာရေးဆရာတွေကတော့ သူတို့ရင်ထဲကခံစားချက်အစစ်အမှန်ကို ဖော်ထုတ်နိုင် ဖို့အတွက် တီထွင်ဆန်းသစ်တဲ့နည်းလမ်းတွေ ရှာတွေ့နေမှာပါပဲ" ဟု ဆိုကြသည်။

အမှန်မှာ စာနယ်ဇင်းဆရာ အချို့အတွက် ပိုက်စိပ်တိုက် ပိတ်ဆို့ထားသော ကန့်သတ်တားမြစ်ချက်များကို ကွေ့ပတ် ရှောင်လွှဲ၍ စာဆက်ရေးရန်ပင် မဖြစ်နိုင်တော့လောက်အောင် ခက်ခဲလာနေသည်ကို တွေ့နေကြရပါသည်။ သို့သော် ဇန်န၀ါရီလ အတွင်းက ကဗျာဆရာစောဝေသည် "ဖေဖော်ဝါရီ ၁၄" အမည်ရှိ အချစ်ကဗျာတပုဒ်ကို ရေးဖွဲ့ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ သူ့ကဗျာက ဖက်ရှင်မယ်တယောက်ကို ချစ်ကြိုက်ပြီး နောက်ဆုံး အသည်းကွဲသွားရသူတယောက် အကြောင်း ရေးဖွဲ့ထား ခြင်းဖြစ်ပါသည်။ သူ့ကဗျာကို ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ဖတ်ကြည့်လျှင် သာမန်အချစ်ကဗျာ တပုဒ်ဟုသာ ထင်ရသော်လည်း ကဗျာအစ စာလုံးများကို ဒေါင်လိုက် ဖတ်ကြည့်ပါက "အာဏာရူးကြီး မှူးကြီး သန်းရွှေ" ဟူသော စာတန်းပေါ်လာသည်ကို တွေ့ရပါမည်။ ကဗျာ ပုံနှိပ်ထုတ်ဝေပြီး မကြာမီ သူ့ကိုဖမ်းဆီးပြီး ရန်ကုန်မြို့ အင်းစိန်ထောင် တွင် ချုပ်နှောင်ထားလိုက်ကြပါသည်။

လွန်ခဲ့သည့်နှစ်က သံဃာတော်များဦးဆောင်သည့် ဆန္ဒပြမှုများကို နှိပ်ကွပ်ပြီးနောက်တွင် စစ်အစိုးရသည် သတင်းအချက် အလက် ပို့ယူစီးဆင်းမှုကို ခါတိုင်းထက်ပိုမိုတင်းကြပ်ခဲ့ပါသည်။ အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ ကြသော စက်တင်ဘာ အရေးအခင်းနှင့် ပတ်သက်သည့် သတင်းများကို မည်သည့်ပြည်တွင်းထုတ်စာနယ်ဇင်းတွင်မျှ မဖော်ပြရန် တင်းကျပ်စွာ တားမြစ်ထားပါသည်။ စက်တင်ဘာလ ဆန္ဒပြပွဲကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ဇောင်းပေးရေးသား ထားသော ဝေဖန်ရေးဆောင်းပါးအချို့မှလွဲ၍ မြန်မာစာနယ်ဇင်းလောကသည် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံတွင် စက်တင်ဘာ လူထုဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း အသိအမှတ်ပြုရန်ပင် မတတ်နိုင်ခဲ့ပါ။ ထိုဆောင်းပါးများကို စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိများက ရေးသားကြပြီး ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် အတင်းအကျပ် ထည့်ခိုင်းခြင်း ဖြစ်ပါသည်။

နိုင်ငံပြင်ပတွင်မူ ထိုအဖြစ်အပျက်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များမှာ အလွန်ပင် ကွဲပြားခြားနားလှပါသည်။ တိုက်ပွဲဝင် ၀တ်စုံပြည့်ဝတ်ဆင်ထားသော စစ်သားများက ဘုန်းတော်ကြီးများကို ရက်စက်ကြမ်းကြုပ်စွာ ရိုက်နှက်နေသည် ကို ကမ္ဘာတ၀ှမ်းမှ ပရိသတ်များ ထိတ်လန့်ခြောက်ခြားဖွယ် မြင်တွေ့ခဲ့ကြရပါသည်။ မြန်မာနိုင်ငံတွင်းတွင်မူ ဆက်သွယ်ရေး ဂြိုလ်တုစလောင်းများ ၀ယ်ယူတပ်ဆင်နိုင်သော လူနည်းစုကသာ ကမ္ဘာ့မီဒီယာများတွင် ထုတ်လွှင့်နေသော သတင်းပုံရိပ် အချို့ကို ကြည့်ရှုခွင့်ရခဲ့ကြပါသည်။ စက်တင်ဘာ အရေးတော်ပုံ အပြင်းထန်ဆုံးကာလ တွင် အဝေးရောက် မြန်မာများ ထုတ်လွှင့်နေသော နော်ဝေးနိုင်ငံ၊ အော့စလိုမြို့ အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့် ဒိုဟာမြို့အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းကွန်ယက် တို့သည် မြန်မာ့မြို့ကြီးများအတွက် အဓိကသတင်းအချက် အလက်ရယူကြရသည့် သတင်းဌာနများ ဖြစ်ပါသည်။

ပြင်ပသတင်းအချက်အလက်များကို ကြောက်လန့်လာခြင်းကြောင့် စစ်အစိုးရသည် ဇန်န၀ါရီလတွင် ဂြိုဟ်တုစလောင်း တီဗွီ နှစ်စဉ်ကြေးကို ငွေကျပ် ၆,၀၀၀ (အမေရိကန် ၅ ဒေါ်လာ) မှ ငွေကျပ် ၁၀ သိန်း (အမေရိကန် ၇၈၀ ဒေါ်လာ) သို့ တိုးမြှင့်ခဲ့ ပါသည်။ ထုံးစံအတိုင်း ထိုအဆမတန်ဈေးနှုန်း မြှင့်တင်ခြင်းကို မည်သည့်ကြိုတင်အသိပေးကျေငြာချက်မှ မထုတ်ပြန်ဘဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သောအသိုင်းအ၀ိုင်းမှ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ် သတင်းစာက ဇန်န၀ါရီလ ၁၁ ရက်နေ့ထုတ် စာစောင်တွင် ထိုဂြိုလ်တုစလောင်းနှစ်စဉ်ကြေး အဆမတန်မြှင့်လိုက်သည့် သတင်းကို ဖော်ပြလိုက်သောအခါ စစ်အစိုးရက မြန်မာတိုင်းမ် သတင်းစာထုတ်ဝေခွင့်ကို တပတ် ပိတ်ပင်ခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ကလည်း အလားတူ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပါသည်။ မြန်မာနိုင်ငံအတွက် စကင်ဒီနေဗီယန်း ခရီးသွားလာရေး လုပ်ငန်းတခု၏ Ewhsnahtrellik ခေါင်းစီးစာလုံးပါသော ဈေးကွက်မြှင့်တင်ရေး ကြော်ငြာတခုကို မြန်မာတိုင်းမ်က အမှုမဲ့ အမှတ်မဲ့ ထည့်သွင်းခဲ့စဉ်ကလည်း ဤအတိုင်းဖြစ်ခဲ့ပါသည်။ အထက်ပါ အင်္ဂလိပ်စာလုံးကို ပြောင်းပြန်ပြန်ဖတ်သောအခါ Killer than shwe (လူသတ်သမား သန်းရွှေ) ဟူသော ခေါင်းစီးစာတမ်း ထွက်လာပါသည်။

ယခုတကြိမ်တွင် ရော့စ်ဒန်ကလေ (Ross Dunkley) သည် သူ၏ ၀ါရင့်ဝန်ထမ်းနှစ်ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ရပါသည်။ စာပေ စိစစ်ရေး ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ၏ ရုံးခန်းသို့ ဆင့်ခေါ်ခံရပြီး နောက်တွင် ထိုသို့ အလုပ်ထုတ်လိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ ဖိအားပေးမှုအောက်တွင် အလုပ်လုပ်နေရခြင်းမျိုး မဟုတ်ပါဟု ပြောခဲ့သော ရော့စ်ဒန်ကလေသည် အဖွဲ့ဝင် ၉ ဦးပါဝင်သော ပဲ့ကိုင်အယ်ဒီတာအဖွဲ့ကို ဖွဲ့စည်းပြီး စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပြဌာန်းရေး ကြိုးပမ်းအားထုတ်မှုအပေါ် သူ၏အမြင်ကိုလည်း ဂျာနယ်၏ အယ်ဒီတာ့ အာဘော်တွင် ရေးသားခဲ့ပါသည်။ သူက စစ်အစိုးရ၏ ၇ ချက်ပါ "ဒီမိုကရေစီရေးလမ်းပြမြေပုံ"သည် အကောင်းဆုံး ထွက်ရပ်လမ်း တခုဖြစ်ပြီး သူ့အနေနှင့် ထိုလမ်းပြမြေပုံကို ထောက်ခံသည် ဟု ရေးသားခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့်နီးစပ်သည့် မီဒီယာလုပ်ငန်း၏ လူယုံအတွင်းစည်းတွင် ဆက်လက်တည်ရှိနေနိုင်ရန် အတွက် ဒန်ကလေသည် သူရပ်တည်ရမည့် အဆင့်နေရာကို သိကြောင်း ပြသရမည်သာဖြစ်ပါသည်။

စာနယ်ဇင်းလောကတွင် "နောက်ဖေးပေါက်သတင်းစာဆရာများ" ဟု နာမည်ပြောင်ပေးထားကြသော နိုင်ငံတော်က ကျောထောက် နောက်ခံပြုပေးထားသည့် မီဒီယာများသည် စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို ခုန်ပျံ ကျော်လွှား သွားနေကြသည့်အပြင် စစ်အစိုးရနှင့် နွေးထွေးသော ဆက်ဆံရေးကို ထိန်းထားခြင်းအားဖြင့် စာနယ်ဇင်း စီးပွားရေး လောကတွင် ဆက်လက်ရပ်တည်နိုင်နေကြပါသည်။

မြတ်ခိုင်၊ ကိုကိုနှင့် သန်းထွတ်အောင်တို့သုံးဦး အသီသီးပိုင်ဆိုင်ကြသည့် အမ်ကေ မီဒီယာ၊ ရန်ကုန်မီဒီယာနှင့် အီလဲဗင်န်းမီဒီယာကုမ္ပဏီတို့က မြန်မာနိုင်ငံ၏ ပုဂ္ဂလိကမီဒီယာဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကြပါသည်။ အထက်ပါစီးပွားရေးသမားသုံးဦးစလုံးသည် ရော့စ်ဒန်ကလေနှင့်အတူ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အနီးကပ် ဆက်ဆံရေးများ ထူထောင်ထားသူများ ဖြစ်ပါသည်။

ရန်ကုန်အခြေစိုက် နာမည်ကြီးစာနယ်ဇင်းသမားတစ်ဦးက "သူတို့က ငွေရဖို့ပဲ စိတ်ဝင်စားတယ်" ဟု ပြောပါသည်။ "အာဏာပိုင်တွေနဲ့ စာနယ်ဇင်းကြား ပြဿနာတက်တိုင်းတက်တိုင်းမှာ သူတို့က ချက်ချင်းကြီးကို ကပ်ဖားရပ်ဖား လုပ်ကြတော့တာပဲဗျာ" ဟု သူကဆက်ပြောပါသည်။

၂၀၀၄ ခုနှစ် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ကောက်ကာငင်ကာ နန်းချခံလိုက်ပြီးနောက်တွင် ၀န်ကြီးဖြစ်လာသော ဗိုလ်မှူးချုပ် ကျော်ဆန်းသည် မီဒီယာလောကကို အသုံးချရာတွင် အလွန်ကျွမ်းကျင်လိမ္မာသူဖြစ်သည်။ လက်ရွေးစဉ် အယ်ဒီတာတစု၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိထားသဖြင့် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်လေ့ရှိပြီး ယခင်က ဖော်ပြ ခွင့်မပြုခဲ့သော သတင်းမျိုးဖြစ်သည့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှု၊ လူထုကျန်းမာရေး ကိစ္စရပ်များနှင့် ဆင်းရဲမွဲတေမှု ဆိုင်ရာသတင်းများကို ဖော်ပြခွင့်ပေးလာပါသည်။ ယခင်က ထိုသတင်းမျိုးဖော်ပြခွင့်ကို မြန်မာတိုင်းမ်သို့သာ ပေးအပ်ထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုအထူးအခွင့်အရေးကို ပြန်ကြားရေးဝန်ကြီးနှင့်နီးစပ်သည့် အယ်ဒီတာ များ စီစဉ်တည်းဖြတ်သည့် စာနယ်ဇင်းများသို့လည်း ပေးခဲ့ပါသည်။

ယင်းသို့ အကန့်အသတ်ဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခွင့်ပြုလာသော်လည်း အထိအခိုက်မခံသော ကိစ္စရပ်များကို ဖော်ပြကြရာတွင် အထူးသတိထားဖို့ လိုသည်ဟု စာနယ်ဇင်းဆရာများက ပြောပါသည်။ "အရေးကြီးတဲ့အကြောင်း အရာ တခုကို သတင်းရေးပြီဆိုရင် သူတို့က အနီးကပ်ကို စောင့်ကြည့်တော့တာပဲ" ဟုပြောပါသည်။ "တကယ်လို့ သူတို့က ခင်ဗျား စစ်အစိုးရကို ဝေဖန်တယ်လို့ထင်ရင် ခင်ဗျားကို နာမည်ပျက်စာရင်းသွင်းလိုက်တော့တာပါပဲ။ အဲဒါ ခင်ဗျားရဲ့ သတင်းစာသမားဘ၀ကို သတ်လိုက်တာပဲ၊ ဘာလို့လဲဆိုတော့ ခင်ဗျားရေးတာကို ဘယ်ပုံနှိပ်စာနယ်ဇင်းမှာမှ ထည့်ခွင့် မပေးတော့ဘူးဗျ၊ စာနယ်ဇင်းဆရာတော်တော်များများလည်း အဲဒီလိုနည်းမျိုးနဲ့ ဘ၀ဆုံးကုန်ကြတယ်" ဟု သူက ဆက်ပြောပါသည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်းဆရာများကို အမှန်တကယ်ပင် နေရာထား တလေးတစား ရှိကြပါသည်။ အစဉ်အလာ အားဖြင့်လည်း စာတတ်သူကို ရိုသေလေးစားလေ့ရှိပြီး ဓားသွားထက်ကလောင်သွားထက်ကြောင်းကိုလည်း ယုံကြည် ကြသည်။ ဆက်သွယ်ရေး နည်းပညာထွန်းကားလာခြင်းနှင့်အတူ လူငယ်များသည် မီဒီယာကို အရေးတကြီး ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာတွင် ယခင်ကထက် ပိုမိုအလေးထား အသုံးချလာကြသည်ကို တွေ့ရသည်။

ဇန်န၀ါရီလက ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် ဈေးစည်ပင်သာယာဝန်ထမ်းများက အလုပ်အကိုင်မဲ့လူငယ် ၄ ဦးအား တပ်သားသစ် စုဆောင်းရေး တပ်ကြပ်ကြီးတဦးထံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည့်အဖြစ်အပျက်ကို ပြည်သူပြည်သား အချို့က စောင့်ကြည့်နေခဲ့ကြပါသည်။ ထိုဆရာများက ဘီဘီစီ၊ ဗွီအိုအေ နှင့် ဒီဗွီဘီ သတင်းဌာနများကို ဆက်သွယ်ပြီး သူတို့မြင်တွေ့ခဲ့သည် များကို သတင်းပို့ခဲ့ကြပါသည်။ အာဏာပိုင်များ မတော်မတရားပြုကျင့်မှုကို ၀င်ရောက်အရေးဆိုခြင်းအားဖြင့် ပြန်လည် လွတ်မြောက်လာမှုတရပ် ရှားရှားပါးပါးဖြစ်ပေါ်ခဲ့ပါသည်။ ထိုလူငယ် ၄ ဦးဖမ်းဆီးခံရသည့်သတင်း ထုတ်လွှင့်အပြီးတွင် သူတို့အားလုံးကို ပြန်လွတ်လာခဲ့ပါသည်။

သာမန်ပြည်သူများလည်း သတင်းအချက်အလက်များ ပေးပို့ရာတွင် ၎င်းတို့၏အခန်းသည် ပို၍ပို၍အရေးပါလာကြောင်း သိမြင်လာကြပြီဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်အသံလွှင့်ဌာနများမှ ထုတ်လွှင့်မှုများကို လှိုင်းတိုရေဒီယိုများဖြင့် နားထောင် နေရယုံမျှနှင့် ကျေနပ်နှစ်သိမ့်မနေကြတော့ပါ။ သူတို့၏ ကိုယ်ပိုင်အဖြစ်အပျက်များကို ကိုယ်တိုင်သတင်း ပို့နိုင်ကြသည့် အပြင် ထိုအဖြစ်အပျက်ကို တနိုင်လုံးသာမက ကမ္ဘာအနှံ့ ကြားနိုင်စေရန် ကြားခံလက်ဆင့်ကမ်း သယ်ပို့ ပေးသူများ ဖြစ်လာနေပြီ ဖြစ်ပါသည်။

စက်တင်ဘာ အရေးတော်ပုံကို အပြင်းထန်ဆုံးနှိမ်နင်းဖြိုခွဲနေစဉ်က အာဏာပိုင်များက အင်တာနက်ဆက်သွယ်မှုကို ပိတ်ပစ်ခဲ့သော်လည်း ယင်းကို သတင်းနည်းပညာမျိုးဆက်က သူတို့၏လိမ္မာ ကျွမ်းကျင်မှုကို ထုတ်ပြပြီးမှသာ ပိတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အာဏာရှင်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် အတွက် သတင်း အချက်အလက် စီးဆင်းမှုကို အသေးစိတ် ထိန်းကွပ်၍ မရတော့ကြောင်း သက်သေပြလိုက်ခြင်းလည်း ဖြစ်ပါသည်။

လက်ကိုင်ဖုန်းများ၊ ဒီဂျစ်တယ်ကင်မရာများနှင့် အင်တာနက်ဆက်သွယ်မှုတို့ကို နားလည်တတ်ကျွမ်းထားကြသော မြန်မာ ပြည်သူတို့သည် သူတို့အချင်းချင်း သာမက ပြင်ပကမ္ဘာနှင့် မကြုံစဖူး၊ ထူးကဲစွာဖြင့်ပိုမိုဆက်သွယ် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ သူတို့၏ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ (ဘလော့ဂ်) များ၊ စာရိုက်စကားပြော ဆက်သွယ်ခြင်း (ချာ့တ်ရွမ်း) နှင့် ပြည်ပ သတင်းမီဒီယာများမှတဆင့် ဆယ်စုနှစ်များစွာ နိုင်ငံတော်၏ အတွေးအခေါ်ထိန်းချုပ် ပုံသွင်းရေး ဆရာကြီးများ ကသာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည့် သတင်းအချက်အလက်ဆိုင်ရာ နားကြီးမျက်စိကြီးဖြစ်မှုကို သာမန်ပြည်သူများဆီ သို့လည်း ဆွဲချလာခဲ့ကြပြီ ဖြစ်ပါတော့သည်။

ရဲနည်ရေးသားသည့် Burma: The Censored Land ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.